အပိုင်း-၂၃

364 28 0
                                    

ငါတို့ မမှားဘူး
အမှန်တရားနဲ့ သီသီလေးလွဲသွားတာတစ်ခုပါပဲ

"မန်နေဂျာရှင့်.... ဂန်ဟယ်ဝန်ကတွေ့ခွင့်တောင်းနေပါတယ်"

"ဝင်ခဲ့ခိုင်းလိုက်ပါ"

ဖုန်းချလိုက်ပြီးတာနဲ့ ပွင့်သွားတဲ့ရုံးခန်းတံခါး....
ဂန်ဟယ်ဝန်က တံခါးခေါက်တတ်တဲ့အကျင့်မရှိမှန်း ယူဂျင်းသတိထားမိတာကြာပါပြီ။

"ထိုင်မယ်နော်"

ခွင့်တောင်းတာမဟုတ်ဘဲ အသိပေးရုံသာဖြစ်တယ်။
ယူဂျင်းလဲ မျက်နာချင်းဆိုင်မှာဝင်ထိုင်လိုက်တာနဲ့ ယူနာက ကော်ဖီနှစ်ခွက်လာချပေးတယ်။
ဂန်ဟယ်ဝန်ဒီနေ့သိပ်လှနေတယ်။
အရင်နေ့တွေကလဲလှတယ်ဆိုပေမယ့် အခုလို ဂါဝန်ဖြူနဲ့ရိုးရိုးလေးတွေ့လိုက်ရတော့ ရင်အေးသွားလောက်အောင်လှမှန်း လက်ခံမိသွားတယ်။

"တို့ ပြန်ရတော့မယ် ယူဂျင်း"

"ဟုတ်ကဲ့"

"တကယ်တော့ ယူဂျင်းနဲ့ဂျယ်ဂျူကိုသွားချင်သေးတာ ၊ အဲ့ဒီ့မှာ မျိုးစပ်ထားတဲ့လိမ္မော်ခြံတွေရှိတယ်တဲ့
ဝိုင်သောက်ရင်း ရှုခင်းလှလှလေးကြည့်လို့ရတာပေါ့ ၊ သစ်သီးအစစ်နဲ့လုပ်ထားတဲ့ ဝိုင်လေ"

"နောက်တစ်ခေါက်ပြန်လာရင် သွားလို့ရတာပဲ
ကျွန်မကို ဖုန်းဆက်လိုက်လေ"

"တို့ ပြန်မလာတော့ဘူး ယူဂျင်းရဲ့
ပေကျင်းကို လာလည်လေ
နေရာအနှံ့ခေါ်သွားပေးမယ်"

"အဲ့ကျမှ မသိချင်ယောင်ဆောင်လို့မရဘူးနော်"

ရယ်သံလွင်လွင်က ရုံးခန်းထဲမှာပျံ့လွင့်သွားတယ်။
ကိုရီးယားနဲ့တရုတ်လူနေမှုအကြောင်း ၊ ဖက်ရှင်အကြောင်း ၊ ရှယ်ယာစျေးအတက်အကျ ၊ နိုင်ငံရေးနဲ့အနုပညာဆက်စပ်နေပုံ.... စသည် စသည်​ဖြင့် ပြောဖြစ်ကြပေမယ့် ဝန်ယောင်းအကြောင်းတော့ လုံးဝမပါခဲ့။
ဂန်ဟယ်ဝန် လက်လျှော့လိုက်ခြင်းဟာ အရှုံးပေးလိုက်တာမဟုတ်ဘဲ ဝန်ယောင်းစိတ်ချမ်းသာစေချင်လို့ဆိုတာ ယူဂျင်းခံစားမိပါတယ်။

ကင်မင်ဂျူရော ဂန်ဟယ်ဝန်ရော ဘာလို့ထွက်သွားဖို့ကို ရွေးချယ်ကြတာလဲ။
စဥ်းစားကြည့်တော့ ထွက်သွားခြင်းကသာ တစ်ခုတည်းသောအဖြေဖြစ်ကြောင်းတွေ့ရှိရပါတယ်။

My heart leaps up when I beholdWhere stories live. Discover now