အခန်း၃။ ဆီချက်ခေါက်ဆွဲ

774 85 0
                                    

အခန်း၃။ ဆီချက်ခေါက်ဆွဲ

ရှလဲ့လည်း ခေါက်ဆွဲတစ်လုပ်ကို တူဖြင့်ညှပ်၍ ပါးစပ်ထဲထည့်လိုက်သည်။

အစပ်နံ့လေးဖြင့် နူးညံ့ကာ ခပ်ထူထူ ခေါက်ဆွဲဖတ်လေးတစ်ဖတ် သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။ သူသတိမထားမိဘဲ အစပ်အရသာကြောင့် သီးသွားကာ ချောင်းအနည်းငယ်ဆိုးလိုက်မိသည်။

ပုံမှန်အားဖြင့် အစပ်အရသာသည် လူကို မသက်မသာ မဖြစ်စေနိုင်ပေ။

ရှလဲ့လုပ်ထားသည့် ခေါက်ဆွဲတွင် ငရုတ်ကောင်းနှင့် ငရုတ်ဆီကို ၇/၃အချိုးဖြင့်ရောစပ်ထားသည့် ဂျုံဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့၏ ရနံ့ဖြင့် သေချာ ရောနှောထားခံရ၏။

၎င်းမှာ အစပ်အရသာ အထပ်ထပ်ရှိနေသည်နှင့်ပင်တူပေ၏။

ခေါက်ဆွဲ၏အနေအထားမှာလည်း ပြီးပြည့်စုံလုနီးပါးပင်။ သေချာကြိတ်နယ်ထားသည့်အတွက်ကြောင့် ခေါက်ဆွဲများမှာ နူးညံ့ပျော့ပြောင်းကာ လတ်ဆတ်နေသည်။

ခေါက်ဆွဲတစ်လုပ်စားလိုက်သည်နှင့် ရှုလဲ့ ပထမဆုံးခံစားလိုက်ရသည်မှာ အစပ်အရသာနှင့်ဆီနံ့ဖြစ်သည်။

ထို့နောက် ကြက်သွန်နံ့နှင့် ဟင်းခတ်အမွှေးအကြိုင်ရနံ့ဖြစ်၏။ ပါးစပ်အပြည့် တစ်လုပ်စာ ခေါက်ဆွဲဝါးရသည့် အနေအထားကိုလည်း သေချာ‌လေး ခံစားရပေသည်။

ထိုအနံ့အရသာများအားလုံးကို အတူတကွပေါင်းစပ်ထားသော်လည်း အရသာမှာ ထူးဆန်းမနေပေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းမှာ ရသာအာရုံဖုများကိုပင် လှိုင်းတံပိုးကဲ့သို့ နက်ရှိုင်းစွာ ရိုက်ခတ်လိုက်သေး၏။

“အရမ်းစားကောင်းတာပဲ”

ထိုတစ်လုပ်ကို မြိုချလိုက်ပြီးနောက် ရှလဲ့သည် သူ့ရှေ့ရှိ ခေါက်ဆွဲပန်းကန်မှာ အလင်းရောင်တောက်ပနေသကဲ့သို့ ကြည့်နေမိတော့သည်။

*အချက်အပြုတ်နတ်ဘုရားစနစ်ဆိုတာ လိမ်နေတာမဟုတ်ဘူးပဲ။*

တစ်ကြိမ်မျှ မချက်ပြုတ်ခဲ့ဖူးသည့် လူသစ်လေး ရှလဲ့ပင်လျှင် စနစ်၏ ဟင်းချက်နည်းအတိုင်း အထပ်ထပ်အခါခါ ချက်ပြုတ်‌လေ့ကျင့်ပြီးသည့်နောက်တွင်  ဤကဲ့သို့ အရသာရှိလှသည့် ဟင်းလျာအားချက်ပြုတ်နိုင်ခဲ့လေသည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now