အခန်း၁၉။ ကောင်းကင်ဘုံစားသောက်ဆိုင်၏ စားဖိုမှူးခေါင်းဆောင်

618 70 0
                                    

“ပြီးရင် ပိုက်ဆံရှင်းဖို့ မမေ့နဲ့ဦးနော်။ ဒီထမင်းကြော်တစ်ပွဲက… ၉၉ယွမ်ကျတယ်”

ရှလဲ့က သူ၏ကလေးသံလေးဖြင့် သတိပေးလိုက်သည်။

ဈေးနှုန်းမှာ မသက်သာသော်ငြား ရှလဲ့သည်လည်း တကယ့်ကို အများကြီးတောင်းမထားပေ။

ဝက်ပေါင်ခြောက်နှင့် ပုစွန်ကဲ့သို့ များစွာသော ပါဝင်ပစ္စည်းများ ပါဝင်သည်လေ။ ထို‌ကုန်ကျစရိတ်သည်ပင် ယွမ် ၃၀၊၄၀ခန့် ရှိနိုင်၏။

အရေးကြီးဆုံးမှာ ဟင်းချက်နည်းဖြစ်သည်။

ပါဝင်ပစ္စည်းများကို ပိုက်ဆံဖြင့်ဝယ်နိုင်သော်ငြား ရှလဲ့သည် ဤထမင်းကြော်ကို အထူးနည်းလမ်းကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။ တစ်ခါလွဲသွားခဲ့ပါက မြည်းစမ်းကြည့်ရန် နောက်ထပ်အခွင့်အရေးဟူ၍ မရှိနိုင်ပေ။။

ဤထမင်းကြော်တစ်ပွဲသည် တစ်ပွဲတညသောထမင်းကြော်ဟုပြောလျှင်ပင် ချဲ့ကားလွန်းရာကျလိမ့်မည်မဟုတ်ချေ။
ရှလဲ့ ယုံကြည်ချက်ရှိပါ၏။ ကျင်းထုန် မြည်းစမ်းကြည့်လိုက်သည်နှ့င့် ပေးရသည့်ပိုက်ဆံနှင့် ထိုက်တန်သည်ဟု ခံစားရမည်ပင်။

ထမင်းကြော်ပန်းကန်ကို ကျင်းထုန် မင်သက်စွာစိုက်ကြည့်နေမိသည်။

ဈေးနှုန်းကို သူလုံးဝ ဂရုမစိုက်ပေ။
သူကဲ့သို့ ထိပ်တန်းစားဖိုမှူးတစ်ယောက်အတွက်‌ ထမင်းကြော်တစ်ပွဲကို ယွမ်၁၀၀နှင့်အထက် ရောင်းနိုင်သည်လေ။
တကယ်တမ်း ကုန်ကျစရိတ်မှာ ပမာဏအနည်းငယ်သာဖြစ်သော်ငြား အဓိကအချက်မှာ စားဖိုမှူး၏အချက်အပြုတ်စွမ်းရည်နှင့် ဖန်တီးမှုလက်ရာအတွက် ပေးချေရခြင်းဖြစ်သည်။

စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက် ဇွန်းကိုကောက်ယူ၍ ဇွန်းအပြည့်ခပ်ကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။

“စားကောင်းလိုက်တာ!”

ကျင်းထုန်၌ ပြောစရာစကားများပင် ပျောက်ရှသွားရသည်။

ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုသာရှိ၏ _ စားကောင်းလိုက်တာ!

ဤကြက်ဥထမင်းကြော်သည် သူစားခဲ့ဖူးသမျှထဲတွင် သေချာပေါက် အကောင်းဆုံးဖြစ်၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now