《မောင် စောင့်နေပါ့မယ်》
ဤသို့ဖြင့် ရောင်နီသွေးသည် ကိုမာဘဝသို့ လုံးလုံးလျားလျား ကျရောက်သွားတော့သည်။ မှိုင်းလျှံကတော့ မစားနိုင်မအိပ်နိုင်ဖြင့် ဖြေမဆည်နိုင်အောင်ပင် ရှိတော့သည်။ ဦးလေးဖြစ်သူက ဘေးနားမှနေ၍ စားပါဦးသောက်ပါဦးလို့ တတွတ်တွတ်ပြောမှသာ တို့ကနန်းစိတ်ကနန်းစားသည်။ ရေတွက်လို့ရသည့် ထမင်းစေ့တွေသာဖြစ်သည်။
ရောင်နီသွေး၏ ကိုယ်ပေါ်တွင် လွှားခြုံထားသည့် စောင်ပါးတစ်ထည်သည် သူ့အကြိုက်ဆုံးစောင်သာဖြစ်ပါသည်။ စောင်မှာ နက်ပြာရောင်ဖြစ်သည်။ မျက်နှာပြင်တွင် ကြယ်တွေ လတွေနှင့် စုံလင်နေသည့် ညတစ်တစ်ညအလား ရေးခြစ်ထားပါသည်။ ရင်ဘတ်အထိ လွှားခြုံထားသည့် စောင်ကလေးသည် နွေးထွေးစေဖို့ရန်သာ ဖြစ်ပါသည်။
ရောင်နီသွေး၏ နဖူးထက်တွင် ချွေးစကလေးများ စို့နေသည်။ ဤသည်ကိုလည်း မှိုင်းလျှံ သုတ်သင်ပေးနေကျဖြစ်နေပါပြီ။ နဖူးပြင်ပေါ်သို့ ခပ်ပြေပြေကလေး ကျဆင်းနေသည့် ဆံစကလေးများကို သပ်တင်လိုက်ပြီး ပုဝါဖြူဖြင့် ထိတို့ပေးလိုက်ပါသည်။ ခါတိုင်းအချိန်ဆို သူ့နဖူးကို ထိလာလျှင် ဤလက်ကို လှမ်းပုတ်ခဲ့မည်မှာ အမှန်ဖြစ်ပါသည်။ ဤသည်ကို တွေးမိတော့ ခပ်ဟဟလေး ပြုံးမိပြန်သည်။ နောက် ညှိုးကျသွားရပြန်ပါသည်။
" အချစ် မောင့်ကို လှမ်းရိုက်ပါဦးလားကွာ။ "
နွေရာသီဖြစ်သည့်အလျောက် ဖွင့်ထားသည့် အဲကွန်းမှ လေအေးအေးတို့က မှိုင်းလျှံမျက်နှာကို ဖြတ်တိုက်ပြေးလွှားနေသလို ခံစားရ၍ ထပိတ်ကာ ပြတင်းပေါက်ကို ဖွင့်ဖို့လုပ်သည်။ ဦးစွာ ပြတင်းပေါက်တွင် တပ်ဆင်ထားသော လိုက်ကာစကလေးကို ချည်နှောင်လိုက်သည်။ နောက် ပြတင်းကို ဖွင့်လိုက်သည့်အခါ ဝင်ချလာသည့် လေနုအေးကလေးများသည် မှိုင်းလျှံ၏ စိတ်အစဥ်ကို အေးမြစေခဲ့ပါသည်။ မျက်နှာတစ်ခွင်ကို အေးမြသွားစေပေမယ့် ရင်ထဲက အပူမီးကိုတော့ဖြင့် မငြိမ်းနိုင်ပါတကား။
YOU ARE READING
ကြွေ (Complete)
Fiction généraleတိုက်ပေါ်က ခုန်ချသတ်သေသွားတဲ့ကောင်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ကိုမာဝင်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အဲ့ဒီကောင်လေးရဲ့ အချစ်ရေးကတော့ အဓိကပေါ့ ဘာကြောင့် သတ်သေရလောက်တဲ့အထိ ဖြစ်သွားရတာများလဲ နောက်တစ်ယောက်ကတော့ ရည်းစားတွေ...
