《အချစ်သည် လွန်စွာမှ လှပပါ၏》
မှိုင်းညို့ ဂျပန်သို့ ထွက်လာခဲ့သည်မှာ ၁နှစ်ရှိပြီဖြစ်၏။ တစ်စုံတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ရာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ အမြဲတွေးနေရ၏။ အချစ်သည် လူတစ်ယောက်လုံးကို ပြုပြင်ပြောင်းလဲ ပေးနိုင်စွမ်းလည်း ရှိ၏။
ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်မိသည့်အခါ နှင်းများ ဝေနေသည်ကို လှမ်းမြင်လိုက်ရပါသည်။ နှင်းစက်ကလေးများ တဖွဲဖွဲကျဆင်းနေကြ၏။ တစ်ယောက်ယောက်ကို လွမ်းဆွတ်စရာဓါတ်ခံဖြင့် ကျဆင်းနေသည်ဟုပင် ထင်ရပါသည်။
သူ့ကို မိမိဘဝတွင် အချစ်ဆုံးအဖြစ် သတ်မှတ်မိသည်အထိ ချစ်ခဲ့မိပါသည်။ လူတစ်ယောက်ကို ထိုမျှ ချစ်မိသွားလိမ့်မည်ဟု မှိုင်းညို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။
ခုဆိုရင်တော့ သူချစ်တဲ့သူ၊ သူမြတ်နိုးတဲ့သူ၊ သူတန်ဖိုးထားတဲ့သူနဲ့ အတူတူ ပျော်ရွှင်စွာ ရှိနေမှာပေါ့။ သူသာ ပျော်နေမယ်ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်။ သူ ပျော်ဖို့ကိုပဲ ဆုတောင်းပေးပါသည်။
အချစ်သည် ရယူပိုင်ဆိုင်ခြင်းအဆင့်သို့ မရောက်လျှင်ပင် ကြည်နူးရပါသည်။ သူ ကိုယ့်အနားမရှိလျှင်တောင် ကိုယ်က သူ့အနားတွင် ရှိနေသကဲ့သို့ ဖန်တီးနိုင်စွမ်း ရှိလှပါ၏။ ဒါကို အချစ်ဟု အများစုက ခေါင်းစဥ်တပ်ကြသည် ထင်၏။
ဧည့်ခန်းထဲမှ ဆိုဖာပေါ် မှီရင်း သူ့အကြောင်းကို တွေးမိနေမိသည့် မိမိကိုယ်ကို ယူကြုံးမရဖြစ်မိပါသည်ဟု ပြောလျှင်လည်း မှန်လှပါ၏။ သူ့ကို သတိရသည့်အခါ ထုတ်ကြည့်ရန် သူ့ဆီမှ တကူးတက တောင်းခံခဲ့သော ပုဂံမှ အမှတ်တရဓါတ်ပုံကလေးသည် ကိုယ်နှင့်မကွာ ရှိနေ၏။
" အစ်ကို ပျော်ပါစေ။ "
ဓါတ်ပုံကလေးကို ကြည့်ရင်း မျက်ရည်ဝဲသွားသေး၏။
" ကျွန်တော် အစ်ကို့ကို တကယ် ချစ်မိသွားတယ် အစ်ကို။ ဒါပေမယ့် အစ်ကိုက နောက်တစ်ယောက်ကို ချစ်နေပြီ။ ကျွန်တော် သိတာပေါ့။ အစ်ကို့မျက်လုံးတွေမှာ အချစ်တွေပါနေတာ အဲ့ကောင်ပဲ မမြင်တာ။ ကျွန်တော်တော့ မြင်သားပဲ။ "
YOU ARE READING
ကြွေ (Complete)
General Fictionတိုက်ပေါ်က ခုန်ချသတ်သေသွားတဲ့ကောင်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ကိုမာဝင်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အဲ့ဒီကောင်လေးရဲ့ အချစ်ရေးကတော့ အဓိကပေါ့ ဘာကြောင့် သတ်သေရလောက်တဲ့အထိ ဖြစ်သွားရတာများလဲ နောက်တစ်ယောက်ကတော့ ရည်းစားတွေ...
