"ပျို တစ်ယောက်ထဲပြန်လို့ရတယ်မလားဟင် ကိုယ်ဒီနားမှာ ဝင်စရာနေရာလေးရှိလို့"
"ဟုတ်ရပါတယ်ကိုသစ်ရဲ့"
ပျို ကိုသစ်ကို ပြုံး၍သာ ပြန်လည်ဖြေကြားလိုက်သော်လည်း စိတ်ထဲတွင်တော့ လေးလံမှုက ရှိနေလေသည်။ သူ ကိုသစ်ကို စိတ်မချပေ။ သစ်မောင်မင်းလျှံ ဆိုသည့်သူသည် သိပ်ကို မိန်းမပွေရှုပ်သည်ကို ပျို သိထားသော်လည်း ကိုသစ်အား ချစ်၍ ထိုအကြောင်းအရာများကို မေ့ထားကာ မိန်းကလေးဖြစ်ပေမယ့် သူမကိုယ်တိုင် ကိုသစ်အား စတင်ဖွင့်ပြောခဲ့သည်။
သူမအား ငြင်းမည်ဆိုသော်လည်း ကိုသစ် သူမ၏ အချစ်အားလက်ခံပေးခဲ့သည်။ သို့သော် ကိုသစ်ပါးစပ်မှ ယခုအချိန်အထိ ပျို့ကို ချစ်တယ် ဆိုသည့်စကားသံကား ထွက်မလာချေ။ ယခုလည်း ညကြီးမင်းကြီး ပျို တစ်ယောက်ထဲ လွှတ်လိုက်ရမှာကို စိတ်ချသည့်ပုံစံဖြင့် အေးအေးလူလူ တစ်နေရာသို့ထွက်သွားလေသည်။ ပျို ဆုတောင်းမိသည်။ ပျို ထင်နေသော နေရာသို့ ကိုသစ်မသွားပါစေနဲ့ဟူ၍။
Jonathan ပျို့ကို တစ်ယောက်ထဲ ပြန်လွှတ်ဖို့ကို စိတ်မချ၍ အိမ်တွင်အိပ်ရန်ပြောသော်လည်း လက်မခံသည့် ပျို့ကြောင့် မိဖြူအား အဖော်အဖြစ်ထည့်ကာ အိမ်သို့ပြန်ခိုင်းရစေသည်။
"ဟူးးးးး သစ်မောင် သစ်မောင် မင်းကလေ မင်းရဲ့ နှလုံးသားတစ်ခြမ်းကို ဝေးဝေးလံလံမှာ သွားရှာနေတာပဲ"
သစ်မောင် နဲ့ ပျို တို့အား ကြည့်ပြီး ဂျွန် သက်ပြင်းချလိုက်မိသည်။
စေတမာန်ညို နှင့် သစ်ခွစိမ်းတို့သည်လည်း သူတို့အိမ်ကိုပြန်သွားကြသည်။ ဂျွန် သိတာပေါ့။ စေတမာန်ညိုက သစ်ခွစိမ်းအား ချစ်နေသော်လည်း စိမ်း သည်ယောက်ျားလေးတစ်ယောက် ဖြစ်နေသောကြောင့် ဆိုသည့် အကြောင်းပြချက်အား လက်ကိုင်ထားပြီး မချစ်သလိုနေပြတတ်သည်။ နောက်ပြီး စိမ်း ဂျွန့်ကို ဂရုစိုက်တာတွေ့ရင်လည်း သဝန်တိုတတ်ပြန်သေးသူမှာ မာန် ပဲဖြစ်လေသည်။