ရှမ်းရိုးမကနေ မြို့တော်အထိကို အတော်လေးကို ဝေးသည်ဖြစ်၍ ရက်အတော်အတန်ကြာအောင်လို့ ခရီးဆက်ခဲ့ရသည်။
......
ရက် အနည်းငယ်ကြာသော်....
ဂျွန် မြို့ပေါ်သို့ ပြန်ရောက်လာသလို အခုရာသီက ဇာတ်အဖွဲ့များ နားသည့် ရာသီဖြစ်၍ မှုံ မူလမြတ်မဟာ စံအိမ်တော်တွင် ရှိနေသည်မှာ မလွဲဧကန်ဖြစ်သောကြောင့် ဂျွန် မြို့တော်ထဲရှိ ဖခင်ရှိရာ အိမ်သို့ အရင်မပြန်ဘဲ မှုံ ရှိရာသို့သာ အရင်ပြန်လာလိုက်သည်။
.....
မူလမြတ်မဟာစံအိမ်တော်၌....
မောင် ထွက်သွားတာ နှစ်ပတ်တောင်ပြည့်နေပြီ ဘာလို့များအခုထိ ပြန်မလာသေးပါလိမ့် မောင် ရယ်။ မောင် တို့ အသိုင်းအဝိုင်းက သိပ်ကို စိတ်ပင်ပန်းစရာပါလားမောင်ရယ်။
ပြတင်းပေါက်တွင် ထိုင်ကာ အပြင်ဘက်ကိုမျှော်ငေးနေသော မှုံ တစ်ယောက် ဂျွန် အနောက်တွင်ရပ်နေသည်ကိုတောင် သတိမူမိပုံမပေါ်....
"မှုံ ဘာတွေများစဉ်းစားနေတုန်းကွာ"
အနောက်မှ မောင့် အား ရုတ်တရက်ကြားလိုက်ရ၍ လန့်မိသွားသည်မှာ အမှန်ပင်။
"အမလေး ဗုဒ္ဓေါဘုရား...လန့်သွားတာပဲ ဘယ်လိုလုပ် အိမ်ထဲကိုရောက်လာတုန်း မောင် ရယ့်"
"လန့်သွားသလား မောင့် မှုံ ရယ် ဒီလောက်က မောင့် အတွက်အသာလေးပါ မပြောပလောက် ပါဘူးကွာ"
ဂျွန် နဲ့ ပြန်တွေ့လို့ မှုံ ဝမ်းသာနေသော နှုတ်ခမ်းတစ်စုံက ပြုံးနေပေမယ့် မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေသည်ကို ဂျွန် သတိထားမိလိုက်သည်။
"မှုံ မောင် မရှိတဲ့ ရက်ပိုင်းအတွင်း ဘာတွေဖြစ်သွားသေးလဲ? မှုံ့ကို ဘယ်သူလာနှောင့်ယှက်တဲ့သူတွေကော ရှိသေးလား"
ဂျွန့် အသံက ခုနကနှင့်မတူ အသံမာလာပြီး ဒေါသသံတို့ ရောယှက်နေသည်။
"ဟင့်အင်း မရှိပါဘူးမောင်ရယ့်"
မှုံ မောင့်ကို လိမ်လိုက်မိပြီ။ မှုံ့ လိမ်လည်ခြင်းတွေက မောင် လျှောက်မယ့် ခရီးလမ်း ဖြောင့်ဖြူးဖို့ပါ မောင်ရယ်။