မာန့် လက်ထဲတွင် ငှက်ကြီးတောင်ဓားကို တွေ့သည်နှင့် ကယ်ဗင် မျက်မှောင်ကြုံ့မိလိုက်သည်။
"မင်းလား ငါ့တူကို သတ်သွားတာ"
"ကြိုက်သလိုထင်လို့ရတယ်"
"ဟ အဲ့ဒါဆိုရင်တော့ မင်းသွေးကြွေးဆပ်ကမှာပဲ"
မာန် ခပ်ထေ့ထေ့ပြုံးလိုက်ပြီး....
"ပြန်စဉ်းစားလိုက်ပါဦး ဘယ်သူက ဘယ်သူ့ကို သွေးကြွေးဆပ်ကမှာလဲဆိုတာ"
မာန့် လက်တွင်ကိုင်ထားသော ဓားအား အခုမှ သေချာကြည့်မိလိုက်သော ကယ်ဗင်က အတော့်ကို လန့်သွားမိသည်။
"ဒီ...ဒီ ဓားက..."
"ဟုတ်တယ် ခင်ဗျားသတ်ခဲ့တဲ့ ညိုရောင်လွှမ်း ရဲ့ဓား"
"ဒါ..ဒါဆို ...မင်းက"
"ညိုရောင်လွှမ်းရဲ့သား"
ကယ်ဗင် တုန်လှုပ်သွားရသည်။ အဲ့အချိန်မှာပဲ မာန် ၏ ဓားက ကယ်ဗင့်ကို စတင်ခုတ်လိုက်ပြီး....
အတိုက်အခိုက်တွင် ကျွမ်းကျင်သော ကယ်ဗင်က အမြန်ရှောင်လိုက်နိုင်၍ သေစေနိုင်သည့်နေရာကနေ ကပ်သီးလေး လွဲသွားကာ အသက်ရှင်ခွင့်ရလိုက်သည်။
ထိုသို့ဖြင့် အပြန်အလှန်တိုက်ခိုက်နေသော မာန် နှင့် ကယ်ဗင်....
ပို၍ အတွေ့အကြုံရင့်သော ကယ်ဗင် ၏ ဓားချက်ကို မာန် မရှောင်လိုက်နိုင်၍ ဗိုက်ထဲသို့ ကယ်ဗင် ၏ ဓားက ထိုးဝင်သွားတော့သည်။
ကိုယ် စိမ်း ကို ကတိပေးထားတာ မတည်နိုင်တော့ဘူး ထင်ပါရဲ့။ ကိုယ်အိမ်ပြန်မလာရင် စိတ်မဆိုးနဲ့နော်စိမ်း။
ထိုစကားများကို စိတ်ထဲမှသာ ပြောလိုက်နိုင်သည်။ မာန် ဓားချက်ကြောင့် အားတင်းထားနေချိန်....
"ဝေါင်းးး"
ထွက်ပေါ်လာသော ကျားဟိန်းသံတစ်ခု...
သစ်ပင်အနောက်ကွယ်ကနေထွက်လာသည့် ကျားဖြူတစ်ကောင် မျက်လုံးတစ်ဖက်ကခရမ်းရောင် ဖြစ်နေပြီး နောက်မျက်လုံးတစ်ဖက်က အညိုရောင်သို့ပြောင်းနေသည့် ကျားဖြူတစ်ကောင်....
ကယ်ဗင်ကို ခုန်အုပ်လိုက်ပြီး ကယ်ဗင်ရုန်းသော်လည်း ကျားဖြူက ကုတ်ပိုးကနေ ကိုက်ခဲလိုက်ကာ တောရှိသည့်ဘက်သို့ ခေါ်သွားသည်။