မနက်ခင်းတိုင်းကို သာယာစွာဖြတ်သန်းချင်သော်လည်း ယနေ့မနက်ခင်းကတော့ဖြင့် ဂျွန်နသန်အတွက် သာယာမနေခဲ့ချေ။
ယနေ့မနက် ဂျွန် နိုးလာသည်နှင့် ခြံထဲရှိနှင်းဆီဖြူလေးများအား ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ထိုနှင်းဆီဖြူလေးနား ထိုင်ပြီး ကြည့်နေသည်မှာ အချိန်တစ်ခု ကြာနေပြီထင်ပါရဲ့ နေလုံးကြီးတောင် အပြည့်အဝထွက်ရှိလာလေပြီ။ ဂျွန် နှင်းဆီဖြူလေးအား နေမထွက်ခင်ကတည်းက ထိုင်ကြည့်နေတာ အတော်ကို ကြာနေပြီပဲ။
နှင်းဆီဖြူလေးစီကို စိတ်ရောက်နေတာနဲ့ပဲ အနောက်မှာ လူရှိနေမှန်းကိုတောင် မသိသည်အထိပင်။ တစ်ဖက်လူမှ အသံပြုမှသာ လူရှိနေမှန်းကို သိလိုက်ရသည်။
"အရင်တုန်းက နှင်းဆီတွေကို သိပ်မုန်းတာမလား ဘာလို့ အခုမှ ဂရုတစိုက်ကို ပြုစုပျိုးထောင်ထားတာပါလိမ့်"
အသံလာရာ လှည့်ကြည့်လိုက်ချိန် မြင်လိုက်ရသည်မှာ မင်္ဂလာရှိသော မနက်ခင်းမှ အမင်္ဂလာကို ဖြစ်သွားစေသည့် မိမိ ၏ ရန်သူတော်ကြီး ရေဗန် ရစ်ချတ်အား တွေ့လိုက်လေသည်။
"ဟိုနေ့က အထိုးခံထားရတာ နည်းသွားလို့လား"
အေးစက်သော မျက်ဝန်းတစ်စုံနှင့် ပြန်လည်စိုက်ကြည့်ကာ ဆိုလိုက်သော စကားကြောင့်....
"အိုး....မဟုတ်တာ ဒဏ်ရာတွေကို အတော်လေးကုယူလိုက်ရပါတယ် ဗျာ...."
"အဲ့ဒါတောင် ငါ့အိမ်ရိပ်ကို နင်းရဲသေးတယ်နော်"
"တရားဝင်ခွင့်ပြုချက်နဲ့လာတာမလို့ လိပ်ပြာလုံတယ် ဗျ.."
"တရားဝင်ခွင့်ပြုချက်?"
တစ်ဖက်လူပြောသည့်စကားအား ဂျွန် နားမလည်နိုင်ပေ။
"ဟုတ်တယ်...အန်ကယ်က စီးပွားရေးကိစ္စတချို့ဆွေးနွေးချင်သပါ့ ဆိုလို့ ရောက်လာရခြင်းပါ"
ပြောင်ချော်ချော်မျက်နှာ နှင့် ပြောလာသည့် ရေဗန့်အား ဂျွန် လက်သီးနှင့် ထထိုးလိုက်လျှင် မလွန်လေဘူးမလား။
ဂျွန် နဲ့ ရေဗန် တို့ ကြားမှာ ကြီးမားတဲ့ ပြဿနာရယ်လို့မရှိပေမယ့် နှစ်ယောက်သားက စီးပွားရေးကိစ္စများတွင် တစ်ယောက်လုပ်ကွက်ကို တစ်ယောက် ဖြတ်လုရာကနေ စတင်ပြီး အများကြားတွင်လည်း ရန်သူတော်များဟူသည့် နာမည်တွင်သွားလေသည်။