"ကော ညနေ ကျွန်တော်အပြင်သွားမလို့ အဲ့ဒါ..
"အင်း သွားလေ ဆိုင်ကို ကောပဲပိတ်လိုက်မယ် အားကျန့်က သော့ပိုယူသွားလေ နော်"
"ဟုတ် ကော"
ကောင်တာထိုင်ရင်း computer သုံးနေတဲ့ ယွင်ရှီးကောကို ညနေအပြင်ထွက်မယ့်အကြောင်း အသိပေးရတာ။မဟုတ်ရင် ကောက အစောကြီးထပြန်သွားမှ ဆိုင်ပိတ်ဖို့အခက်ဖြစ်နေမှာလေ။Leo ခေါ်သွားမယ့်ပွဲကလဲ အချိန်ဘယ်လောက်ကြာမယ်မှန်းမှ မသိတာ။
ယွင်ရှီးကောက ဒီမှာအခြေချနေတဲ့ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး မိခင်နဲ့အတူ သာမာန်ရပ်ကွက်တခုထဲမှာ နေထိုင်နေတဲ့သူ။ဒီကော်ဖီဆိုင်လေးကလဲ ကောအပိုင်ဖြစ်ပြီး ရှောင်းကျန့်က ကျောင်းတက်တည်းက ဒီဆိုင်မှာအလုပ်ဝင်လာတာရယ် တရုတ်လူမျိုးချင်းဖြစ်နေတာမို့ အချိန်ကြာလာတာနဲ့အမျှ ကောက ယုံကြည်ကာဆိုင်ကိုအပ်ထားတဲ့အပြင် ဆိုင်ရဲ့ထပ်ခိုးလေးမှာပါ နေခွင့်ပေးထားခဲ့တာပဲဖြစ်သည်။
အရင်က ကျန်းချန်နဲ့ သူငယ်ချင်းနှစ်ယောက် အဆောင်မှာနေကျပေမယ့် ကျောင်းပြီးသွားတဲ့နောက် ကျန်းချန်က သူ့အလုပ်ဖြစ်တဲ့ သင်္ဘောကျင်းဖက်မှာ လိုင်းခန်းရတာမို့ ကိုယ်ကလဲလိုက်မနေနိုင်တာနဲ့ ယွင်ရှီးကောစီစဉ်ပေးတဲ့နေရာမှာသာ နေလိုက်တော့တာဖြစ်သည်။
"အားရီရော နေကောင်းလား ကော"
"ကောင်းပါ့ကွာ မင်းနဲ့ကျန်းချန်ကို မတွေ့ရတာကြာလို့တဲ့ ဟိုရက်ကမေးနေသေးတယ် အားတဲ့နေ့ အိမ်လာလည်ကြဦး"
"ဟုတ် ကော ကျွန်တော် ကျန်းချန်အားတဲ့နေ့ကျ လာခဲ့ပါ့မယ်"
"အေး"
ယွင်ရှီးကောက ယခုကော်ဖီဆိုင်အပြင် သူ့မိခင်ရဲ့ပန်းအလှဆင်ဆိုင်ကိုပါ ဦးစီးပေးနေရတာမို့ ကော်ဖီဆိုင်က ရှောင်းကျန့်ခြေ ရှောင်းကျန့်လက်ဖြစ်နေတော့တာပင်။ကောက ညနေပိုင်းလောက်မှသာ စာရင်းဝင်စစ်ကာလိုတာတွေမေးပြီး ဖြည့်ပေးတာလောက်ပင် လုပ်ပေးတော့တာဖြစ်သည်။
"ဆိုင်မှာ ဘာတွေလိုသေးလဲ အားကျန့်"
"အထွေအထူးတော့ သိပ်မလိုဘူး ကော ဂျုံမှုန့်တွေရော ကော်ဖီစေ့တွေပါ ဟိုရက်က လာပို့သွားပြီးပြီ"