(42)ကြယ်တာရာဘုံကိုးလွှာ ၾကယ္တာရာဘုံကိုးလႊာ

67 1 0
                                    

ကြယ်တာရာဘုံကိုးလွှာ

Translator
GOD, Yoeyar Translation

အဆုံးအစမရှိ ကျယ်ဝန်းလှတဲ့ စကြဝဠာအတွင်းမှာ ကြယ်အဖွဲ့အစည်းများစွာနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်ကြီးတွေရှိတယ်။ အစွမ်းထက်မျိုးနွယ်ကြီးတွေကလည်း အချင်းချင်း တိုက်ခိုက်ဝါးမျိုရင်းအားပြိုင်လျက်ရှိတယ်။ အစွန်အဖျားတစ်နေရာမှာ ရှိပြီး သေးငယ်လှတဲ့ ကြယ်တစ်လုံးပေါ်က လူငယ်လေးတစ်ယောက်ဟာ ကိုယ်တွင်းမှာ ထူးဆန်းတဲ့ ဓားပျံတစ်လက်ကို ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကင်းကျင့်စဥ်တစ်ခုကို အမှတ်မထင်ရရှိခဲ့တယ်။မျိုးနွယ်ကိုကာကွယ်ရင်း ပိုမိုအစွမ်းထက်လာချိန်မှာတော့ သူနေထိုင်တဲ့ကြယ်ရော သူကိုယ်တိုင်ရောဟာ စကြဝဠာကြီးနဲ့ယှဥ်ရင် သမုဒ္ဒရာထဲက ရေစက်ပမာ သေးငယ်လှတယ်ဆိုတာကို နားလည်လိုက်ရတယ်။ ပြည်ထောင်ကြီးတွေနဲ့ မျိုးနွယ်တွေရဲ့ စစ်ပွဲများကြားမှာ ကိုယ်တိုင်ရှင်သန်ဖို့ ကြိုးစားရင်း မျိုးနွယ်၊ မိသားစုနဲ့ အမိမြေကို ကာကွယ်ဖို့အတွက် စွမ်းအားရော ဉာဏ်ပညာပါအသုံးချပြီး ရုန်းကန်ရပါတော့တယ်။

အပိုင်း(၁)
လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်

ရှီဝူ အင်ပါယာ၊ ၈၃၂၉ခုနှစ်တွင် ဖြစ်သည်။ နေရာအနှံ့၌ ဖရိုဖရဲ သတ်ဖြတ်မှုများ၊ အဓိကရုန်းများဖြင့် ဆူပူ အုံကြွနေကြသည်။ လူ့အသက်အား မြက်တစ်ပင်လောက်ပင် တန်ဖိုးမထားသည့် ပုန်ကန် သတ်ဖြတ်သူများကြောင့် တောတောင်၊ မြစ်ပြင်တစ်ခွင်တွင် သွေးချောင်းစီးခဲ့ရသည်။ ဧကရာဇ်မင်ဝူက ထီးနန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အထူးစစ်တပ်များ ဖွဲ့စည်းကာ ပုန်ကန် သတ်ဖြတ်သူများကို အမြစ်ပြတ် နှိမ်နှင်း ကွက်မျက်စေသည်။ သို့နှင့် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ် သွေးချောင်းစီးခြင်းများ ရပ်တန့် သွားခဲ့သည်။ ရှီဝူအင်ပါယာ၏ အလယ်ပိုင်းဒေသ တုန်းလင်တောင်တန်း ကာရံထားသော နေရာတွင် တုန်းလင်ပြည်နယ် တည်ရှိသည်။ တုန်းလင်တောင်တန်း၏ အတွင်းဘက်ဆုံးသော တောအုပ်အလွန်တွင် အလွန်မြင့်မားသော သစ်ပင်ရှည်ကြီးများ စီတန်းပေါက်နေပြီး ခံတပ်သဖွယ် ကျောက်တုံးနံရံကြီး ၁၈ခုကို မြင်နိုင်သည်။ ထိုမျှ မြင့်မား၊ ခိုင်ခံ့သော နံရံကြီးများအား မည်သို့မည်ပုံ ဆောက်လုပ် နိုင်ခဲ့သနည်းဟု တစ်စုံတစ်ယောက်က တွေးကောင်းတွေးနိုင်သည်။ ရှေးဦးပိုင်း ခေတ်များက ဆောက်လုပ်သူများသည် ထိုနံရံကြီးများအား တစ်ကြိမ်လျှင် ကျောက်တုံးကြီး တစ်တုံးစီ သယ်ယူ၍ အလွန် အချိန်ပေး ဆောက်လုပ်ခဲ့ရတာ ဖြစ်သည်။ ထို့ကြောင့် နောင်လာ နောင်သားများ၏ အမြင်တွင် အနှီ ဧရာမ ခံတပ်နံရံကြီးများ အဖြစ် ဝံ့ဝံ့ထည်ထည် ရှိနေခြင်း ဖြစ်၏။ ခံတပ်နံရံကြီး ၁၈ခု၏ နောက်တွင်မူ ကြီးမားခန့်ထည်သော ရဲတိုက်ကြီး ၁၈လုံး ရှိပြီး တစ်ခုချင်းစီ၌ အင်အားကြီး မိသားစုကလန် တစ်ခုစီ နေထိုင်ကြသည်။ ထိုမိသားစုကလန် ၁၈ခုအား တစ်စုတစ်စည်းထဲ စုပေါင်း၍ "လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်" ဟူ၍ ခေါ်ဝေါ် သမုတ်ကြသည်။ ရဲတိုက်၁၈ခု အတွင်းရှိ၊ တစ်ခုသောရဲတိုက် ဖြစ်သော "ယဲ့ကလန် ရဲတိုက်"၏ သိုင်းလေ့ကျင့်ရေးကွင်း အတွင်း၌... နေရောင်သည် တုန်းလင်တောင်တန်းပေါ်တွင် မေးတင်ကာ မှိန်ဖျဖျသာ ထွက်စ ပြုသေးသော်လည်း လေ့ကျင့်ရေးကွင်း အတွင်း၌မူ လူအပြည့် ရှိနေသည်။ "မဆုတ်မနစ် ကြိုးစားခြင်းကသာ ဘယ်လို အားနည်းချက်မျိုးကို မဆို ဖာထေးနိုင်တယ်။ ဒါက လေ့ကျင့်မှုတိုင်းရဲ့ အခြေခံပဲ လေ့ကျင့်တော့မယ်ဆိုရင် နေ့တစ်နေ့မှာ အကောင်းဆုံး အချိန်က အခုလို မနက်ခင်း မွန်းတည့်ချိန် ဖြစ်တယ် ဒီအချိန်မှာ လေထုထဲမှာ ရှိတဲ့ ထျန်းချီ(ကောင်းကင်ချီ) တွေက အသန့်စင်ဆုံးပဲ" ယဲ့ကလန်တွင် နေထိုင်သူ ထောင်ချီ၍ ရှိပြီး ၁၀နှစ်မှ ၁၈နှစ်အထိ ကလေးများအား သိုင်းပညာသင်ယူရန် အရည်အချင်း ပြည့်မှီသည်ဟု သတ်မှတ်သည်။ ထို့ကြောင့် ယဲ့ကလန်တွင် သိုင်းပညာ သင်ယူနေသော တပည့်ပေါင်း ၂၀၀မှ ၃၀၀ အထိ ရှိပေသည်။ ထိုတပည့်လေးများက လေ့ကျင့်ရေး ကွင်းပြင်အတွင်း စီတန်း ရပ်နေကြပြီး အခြေခံ လက်သီးကွက်များအား ညာသံပေး၍ လေ့ကျင့်နေကြသည်။ သက်လတ်ပိုင်း လူကြီးတစ်ယောက်က တပည့်လေးများရှေ့တွင် ရပ်ကာ သရုပ်ပြပေးနေသည်။ တပည့်လေး တချ်ု့က သရုပ်ပြနေသော သက်လတ်ပိုင်းလူကြီး၏ လက်သီးကွက်များအား နှစ်ထောင်းအားရစွာ ဘေးမှ အော်ဟစ် အားပေးနေကြသည်။ "ဦးလေးက အရမ်းမိုက်တာပဲ" "ဒါပေါ့ သူက ငါတို့ကလန်မှာ တတိယ အစွမ်းအထက်ဆုံးပဲလေ သူ့အထက်မှာ ကလန်ခေါင်းဆောင်နဲ့ စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်ပဲ ရှိတယ်" အသံတစ်သံ ထွက်ပေါ်လာလျှင် တပည့်လေးများက သက်လတ်ပိုင်း လူကြီးအား ပိုမို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။ ထိုသရုပ်ပြနေသော သက်လတ်ပိုင်း လူကြီး၏ အမည်ကား ယဲ့ကျန့်ရှုံး ဖြစ်သည်။ ယဲ့ကလန်၏ အဓိက သိုင်းနည်းပြ တစ်ယောက်ဆိုလည်း မမှားပေ။ သိုင်းလေ့ကျင့်ရေးကွင်းနှင့် ကျန်းတစ်ရာခန့် အဝေးတွင် ကျောက်တုံးကြီးတစ်တုံး အပေါ်၌ လူငယ်လေးတစ်ဦးသည် မျက်လုံးများ မှိတ်ကာ ခြေနှစ်ချောင်း ယှက်ထားလျက် ငြိမ်ငြိမ်သက်သက် ထိုင်နေလေသည်။ ထူးခြားချောမောသော ရုပ်ရည်ကြောင့် ထွက်ပြုစ နေရောင်က လူငယ်လေး၏ မျက်နှာပေါ်သို့ ဖြာချလာလျှင် အလွန် လက်ရာမြောက်သော ပန်းပုရုပ် တစ်ခုနှယ် ထင်မှတ်ရသည်။ လူငယ်လေးသည် ၁၇၊ ၁၈နှစ်ခန့်သာ ရှိဦးမည့်ပုံ ပေါ်သည်။ သူ့တွင် အလွန် တိတိရိရိနှင့် သေသပ် ခန့်ညားသော မျက်နှာကျရှိပြီး မထူမပါး မျက်ခုံးတစ်စုံနှင့် ဖြောင့်စင်းသော နှာတံက ပေါ်လွင်နေသည်။ လူငယ်လေးအား စေ့စေ့စပ်စပ် အကဲခတ်ကြည့်ပါက အသက်အရွယ်နှင့် မလိုက်ဖက်သည့် လေးနက်၊ တည်ငြိမ်အေးဆေးသော အရှိန်အဝါတစ်ခုကို ခံစားမိမည် ဖြစ်သည်။ ထိုလူငယ်လေး၏ အမည်ကား "ယဲ့ချန်" ဖြစ်သည်။ "မိုးကြိုးလက်ဝါး" အတွင်းအားကျင့်စဉ်အတွင်း ဖော်ပြထားသည့်အတိုင်း အကြိမ်ပေါင်း မည်မျှ လေ့ကျင့်စေကာမူ ယဲ့ချန်၏ အဓိက သွေးကြောမကြီးများ၌ ထူးခြားမှု ရှိမလာခဲ့။ ကောင်းကင်နှင့် မြေကြီးရှိ ထျန်းချီများအား စုပ်ယူလိုက်သည့် အခါတိုင်းတွင်လည်း ပျက်စီးနေသည့် အဓိကသွေးကြောများမှတဆင့် ပြန်လည် ယိုစိမ့်သွားကြသည်။ သူ့ခန္ဓာကိုယ်ကား ထျန်းချီ ပမာဏ အနည်းမျှပင် မစုပ်ယူနိုင်တော့။ ထိုအချိန်တွင် အနီးနားမှ ဖြတ်သွားသော ယဲ့ကလန်သား နှစ်ယောက်သည် မျက်လုံးများ မှိတ်ထားကာ ခြေချိတ် ထိုင်နေသော ကောင်လေးအား မြင်လိုက်ရာ ၎င်းတို့၏ မျက်လုံးများက အထင်သေးမှုကြောင့် မည်းမှောင်သွားကြသည်။ "ထျန်းချီ မသိုလှောင်နိုင်တဲ့ ခန္ဓာကိုယ်နဲ့ နေ့တိုင်း ဟန်ဆောင်ပန်ဆောင် လေ့ကျင့်ပြနေရတာ မမောဘူးလား မသိဘူး" "နေ့တိုင်း သူသောက်နေတဲ့ အစွမ်းထက် ဆေးဝါးတွေက ဘယ်နှစ်လုံးတောင် ရှိပြီလဲ မသိဘူး၊ နှမြောစရာပဲ ငါ့အထင် သူ့ကို ကျွေးတာထက် ခွေးတစ်ကောင်ကို ကျွေးလိုက်တာကမှ အကျိုးရှိဦးမယ်။ တကယ်လို့ သူ့နေရာမှာ ငါသာဆိုရင် ဒီလို စိတ်ပျက်စရာ အခြေအနေကြီးမှာ အသက်ဆက်ရှင် ချင်တော့မှာ မဟုတ်ဘူး" "ဟေ့ကောင် အရမ်းကျယ်ကျယ် မပြောနဲ့ကွ မင်းလည်း သိသားနဲ့ ဘာပဲဖြစ်ဖြစ် သူ့အဖေက ကလန်ခေါင်းဆောင် ဖြစ်နေသေးတယ်" "အဲဒီတော့ ဘာဖြစ်လဲ၊ အစတည်းက ငါတို့ ယဲ့ကလန်သားတွေက မိဘ အစွမ်းအစကို မှီခိုနေတဲ့သူထက် ပင်ကိုပါရမီရှိတဲ့ သူတွေကိုပဲ လေးစားတတ်ကြတာ လူတိုင်းသိတယ်" ထိုနှစ်ယောက်သည် တိုးတိုးသက်သာ ပြောနေကြခြင်း မဟုတ်ရာ ၎င်းတို့၏ စကားတစ်လုံးချင်း ဆီအား ယဲ့ချန် ကြားရပေသည်။ သူက အပြင်ပန်းတွင် မကြားချင် ယောင်ဆောင် နေသော်လည်း စိတ်အတွင်း၌ နာကျင်စွာ ရယ်မိ၏။ အတိတ် တစ်ချိန်က ဆိုလျှင် သူ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ထိုနှစ်ယောက်အား အနိုင်ယူ နိုင်သော်လည်း ယခု သူ၏ အဓိက သွေးကြော မကြီးများ ပျက်စီး သွားပြီးနောက် ထိုနာကျင်ဖွယ် မှတ်ချက်များအား မကြားသယောင် ပြုနေရုံသာ တတ်နိုင်တော့သည်။ ထိုနှစ်ယောက်နှင့် ဘက်ပြိုင် ရန်ဖြစ်နေ၍လည်း သူ့အတွက် အကျိုးထူးခြင်း ရှိလာမည်မှ မဟုတ်သည်လေ။ အတိတ်တချိန်က ယဲ့ချန်သည် အသက်၁၂နှစ်တွင် ကျင့်ကြံမှု အဆင့်၄၊ အသက်၁၃နှစ်တွင် အဆင့်၆၊ အသက်၁၄နှစ်တွင် အဆင့်၇ထိပ်ဆုံး ကျင့်ကြံဆင့် ရှိခဲ့သည်။ သူတို့ မျိုးဆက်ရှိ အလားအလာ အကောင်းဆုံး ပါရမီရှင်စာရင်း ဝင်ခဲ့ပြီး ယဲ့ကလန်တွင်လည်း ရာစုနှစ်တစ်ခု၌ တစ်ကြိမ်သာ ပေါ်ထွန်းသော ပါရမီရှင်အဖြစ် သတ်မှတ် ခံခဲ့ရသည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် ယဲ့ချန် အပါအဝင် ယဲ့ကလန်မှ ပါရမီရှင် ၅ယောက်တို့ လျန်ယွင် တောင်တန်းအတွင်း မှော်သားရဲများအား အမဲလိုက်ကြစဉ်က ချောင်းမြောင်း လုပ်ကြံခံခဲ့ရသည်။ ယဲ့ကလန်မှ ကျန်ပါရမီရှင် ၄ယောက်လုံး သေဆုံးခဲ့ရပြီး ယဲ့ချန် ကိုယ်တိုင်ကတော့ ခန္ဓာကိုယ်ရှိ အဓိက သွေးကြောမကြီးများ ပျက်စီး သွားခဲ့သည်။ ချောင်းမြောင်း လုပ်ကြံသူများ၏ ရည်ရွယ်ချက်ကပင် ယဲ့ချန်အား ရှင်လျက်နှင့် သေနေသော လူ့အမှိုက်ဘဝမျိုး ရောက်စေလိုခြင်း ဖြစ်ဟန်ရသည်။ ရှီဝူအင်ပါယာ အတွင်း၌ လူတစ်ယောက်၏ ဂုဏ်သတင်းသည် ထိုလူ ပိုင်ဆိုင်သော အစွမ်းအစနှင့် တိုက်ရိုက် အချိုးကြသည်။ အစွမ်းအစ မရှိသူသည် အခြား လူတစ်ယောက်မှ အလွယ်တကူ နင်းခြေ သွားခြင်းကိုသာ ခံရမည် ဖြစ်သည်။ "သုံးနှစ်ရှိခဲ့ပြီ ငါ့ရဲ့ အဓိကသွေးကြောတွေက ပြန်ကောင်းမလာတော့ဘူးလား" မခံမရပ်နိုင်မှုတို့က နှလုံးသားထဲ လှိုက်တက် လာသော်လည်း ယဲ့ချန်က ပြန်လည် ချိုးနှိမ်ကာ ထျန်းချီများကို နောက်တစ်ကြိမ် စုစည်းရန်သာ ကြိုးစားလိုက်သည်။ မျှော်လင့်ထားသည့် အတိုင်းပင်... နောက်တစ်ကြိမ် ကျရှုံးသည်သာ။ သူ့ခန္ဓာကိုယ် အတွင်းရှိ အဓိက သွေးကြောမများသည် ထျန်းချီ သိုလှောင်နိုင်ဖို့ဝေးစွ၊ အနည်းငယ်သော ပြောင်းလဲမှုပင် ရှိမလာခဲ့ပါချေ။ သို့သော် ယဲ့ချန်က လက်မလျှော့လိုက်ပေ။ ဈာန်ဝင်နေသော ဘုန်းကြီး တစ်ပါးကဲ့သို့ ပို၍ အာရုံဝင်စားကာ ရေကဲ့သို့ တည်ငြိမ်သော စိတ်အခြေအနေ တစ်ခုအား ဖန်တီးလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်၏ အသိစိတ်အတွင်းရှိ အနက်ရှိုင်းဆုံး တစ်နေရာ၌ ဓားတစ်ချောင်း၏ ဝိုးတဝါး အရိပ်ကို မြင်နိုင်သည်။ ၎င်းဓား၏ ကြက်သွေးရောင် ဓားသွားသည် ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာကာ အလွန် ထက်ရှမည့်ပုံ ရသည်။ ထိုဓားကပင် ယဲ့ချန် သူ၏ ကျင့်ကြံခြင်း လမ်းစဉ်အပေါ် ဘယ်သောအခါမှ လက်မလျှော့ချင်ခဲ့သော အကြောင်းအရင်း အမှန် ဖြစ်၏။ မှန်ပေသည်။ ယဲ့ချန်သည် သာမန် ပါရမီနှင့် ကလေးတစ်ဦးအဖြစ်သာ မွေးဖွားခဲ့သော်လည်း ယဲ့ကလန်အတွင်း နှစ်တစ်ရာမှတစ်ကြိမ် ပေါ်ထွန်းသော ပါရမီရှင်အဖြစ် သတ်မှတ် ခံရခြင်းမှာ ထိုဓား၏ အစွမ်းကြောင့်သာ ဖြစ်သည်။ အနှီဓား၏ တည်ရှိမှုနှင့် ပတ်သက်၍ ယဲ့ချန် ကိုယ်တိုင်ပင် အသေအချာ နားမလည်သော်လည်း ထိုဓားရှိနေသ၍ သူ၏ အဓိက သွေးကြောများ ပြန်လည် ကောင်းမွန် လာနိုင်ကြောင်းကိုမူ အပြည့်အဝ ယုံကြည်ပေ၏။ ပြိုင်ဘက်ကင်း ပါရမီရှင်ဟူသော အဆင့်အတန်းမှသည် အမှိုက်အဖြစ် ပြောင်းလဲ သွားခဲ့သည်မှာ သုံးနှစ် ကျော်ပြီဖြစ်သည်။ သာမန်လူ တစ်ယောက်ဆိုလျှင် ထိုသို့ ပြင်းထန်သော ထိုးနှက်ချက်အား ခံနိုင်ရည်ရှိမည် မဟုတ်။ ယဲ့ချန်ကတော့ မတူပေ။ မူလကတည်းက သူ၏ ပါရမီရှင်ဟူသော အရည်အချင်း အားလုံးသည် ထိုဓားဆီမှ လာခြင်းဟုသာ ခံယူထားရာ ရုတ်တရက် အဓိက သွေးကြောမများ ပျက်ဆီးသွားသော အခါတွင်လည်း သုညမှ ပြန်စဖို့ ဝန်လေးမနေခဲ့။ သုံးနှစ်တာ အနိုင်ကျင့် စော်ကားမှုများအား သည်းခံရင်း သူ့နှလုံးသားက ပိုမို ခိုင်မာ လာခဲ့ရသည်။ နောက်တစ်ကြိမ် ယဲ့ချန်က မိုးကြိုးလက်ဝါး အတွင်းအား ပညာရပ်အား စတင်လိုက်သည်။ နွေးထွေးသော စွမ်းအင်စီးကြောင်း တစ်ခုက သူ၏ ချက်အောက်နားလေးမှ နေ၍ ပျက်စီးနေသော အဓိက သွေးကြောမများထံ တိုးဝင်သွားသည်။ သို့သော် အဓိက သွေးကြောမများနှင့် ထိလိုက်သည့် တစ်ခဏတွင်ပဲ ကြိုးစားပမ်းစား စုစည်း ထားခဲ့ရသော ထျန်းချီများသည် ခန္ဓာကိုယ်၏ ဒွါရ ကိုးပေါက်မှတဆင့် ပြန်လည် ထွက်ခွါ သွားတော့သည်။ "သေစမ်း ငါအခုထိ မလုပ်နိုင်သေးဘူး" ယဲ့ချန်၏ လက်သီးက သူထိုင်နေသော ကျောက်တုံးကြီး၏ မျက်နှာပြင်သို့ ထိမှန်သွားသည်။ သွေးများ ယိုစီးကျလာသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက သာလျှင် သူ့နှလုံးသားတွင်းရှိ နာကျင်မှုအား အတန်ငယ် ဖြေဖျောက် ပေးနိုင်သည်။ "ငါ တစ်သက်လုံး အမှိုက်အဖြစ်နဲ့ပဲ နေသွား ရတော့မှာလား" ယဲ့ချန်သည် မည်သူ့ထံသို့ ပုံချရမည် မသိသော ဒေါသတို့ ပြေပျောက်ရန် အချိန်အတန်ကြာ ယူလိုက်ရသည်။ အကြိမ် မည်မျှပင် ကျရှုံးစေကာမူ သူ့အနေနှင့် ကျင့်ကြံခြင်း လမ်းစဉ်အား လက်မလျှော့ လိုက်နိုင်ပေ။ အကယ်၍ လက်လျှော့လိုက်ပါက တစ်သက်လုံး အမှိုက်အဖြစ် အရိုးထုတ်ရ ပေလိမ့်မည်။ စိတ်တည်ငြိမ်အောင် ကြိုးစားပြီးနောက် ကောင်းကင်နှင့် မြေကြီးရှိ ထျန်းချီများအား နောက်တစ်ကြိမ် စုဆောင်းရန် ပြင်ဆင်လိုက်သည်။ ထို့နောက် ထျန်းချီ လှိုင်းလေးအား အဓိက သွေးကြောမများဆီသို့ တွန်းပို့လိုက်သည်။ သို့သော် ၎င်းထျန်းချီ လှိုင်းမှာ ချိနဲ့ အားနည်း လွန်းလှသည်။ ယဲ့ချန်၏ နဖူး၌ ချွေးများ စို့လာသည်။ ထျန်းချီလှိုင်းသည် ချက်အောက်နားမှ တဆင့် အဓိက သွေးကြောမများဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။ တရွေ့ရွေ့ နီးကပ် လာလေလေ ထျန်းချီလှိုင်းက ပို၍ အားနည်းလာလေလေ ဖြစ်ရာ အဓိက သွေးကြောမများဆီ ရောက်သွားချိန်၌ ထျန်းချီ ပမာဏ တစ်စက်တလေမျှ မကျန်တော့မည်တောင် စိုးရိမ်ရသည်။ "ငါလုပ်နိုင်ရမယ်" သူစုဆောင်းထားသော ကျန်းချီလှိုင်းက ပျောက်ကွယ် သွားတော့မတတ် ဆက်၍ အားနည်း လာနေသည်။ ထိုအချိန်တွင် ယဲ့ချန်၏ အတွင်းစိတ် တစ်နေရာမှ ထူးဆန်းသော ခေါ်သံတစ်ခုအား ကြားလိုက်ရသယောင် ရှိသည်။ ထို့နောက် ယဲ့ချန်သည် အလွန် ဆန်းကြယ်သော စိတ်အခြေအနေ တစ်ခုသို့ ရောက်ရှိသွားပြီး နူးညံ့သိမ်မွေ့သော လေညှင်းတဖြာမှ လွဲ၍ မည်သည့် အရာကိုမှ မခံစားမိတော့ပေ။ ယဲ့ချန်၏ အတွင်းစိတ်၏ ကြက်သွေးရောင်ဓားက နောက်တစ်ကြိမ် ထွက်ပေါ် လာသည်။ ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလှပ်သော ဓားသွားထံမှ ထူးဆန်း ညှို့ငင်သော အသံတစ်သံ ထုတ်လွှင့်နေသည်။ ထိုဓားအတွင်း၌ အနှိုင်းမဲ့ မွန်မြတ် သန့်စင်သော စွမ်းအားတစ်ခု ကိန်းဝပ် နေသည်ကို ခံစားသိနိုင်သည်။ ယဲ့ချန် ကိုယ်တ်ုင်လည်း မသေချာပေ။ ထိုဓားသည် သူ့အား ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သောဓား ဖြစ်ရာ သူကိုယ်တိုင်လည်း ထိုဓားအတွင်းတွင် မည်သို့သော စွမ်းအင်မျိုး ကိန်းဝပ် နေသည်ကို သိလိုလှသည်။ "ခုတလောမှာ ဓားရဲ့ တုန်ခါတဲ့ အကြိမ်ရေက စိပ်လာတယ်..." ယဲ့ချန်သည် သူ၏ အသိစိတ်အား ဓားဆီသို့ တဖြည်းဖြည်းချင်း ပို့လွှတ်လိုက်သည်။ ထိုဓားအား ယခုတpfခေါက်တွင် ထိန်းချုပ်နိုင်လေမလား ဟူသော မျှော်လင့်ချက် သေးသေးလေးဖြင့်။ အလွန် ကျယ်လောင်သော အသံတစ်ခု သူ့စိတ်အတွင်း၌ မြည်ဟီးသွားသည်။ ယဲ့ချန်၏ နားစည် နှစ်ဖက်လုံးပင် ထိုအသံကြောင့် ပေါက်ကွဲသွားလု မတတ်။ ထို့နောက် ထူးဆန်းသော စွမ်းအင်တစ်ခုက သမုဒ္ဒရာအတွင်း ရိုက်ခတ်နေသော ရေလှိုင်းများကဲ့သို့ ယဲ့ချန်၏ ပျက်စီးနေသော အဓိက သွေးကြောမများထံ ရောက်ရှိလာသည်။ မျက်တောင် တစ်ခတ်စာအချိန် အတွင်းမှာတင် ယဲ့ချန် ပင်ပင်ပန်းပန်း စုဆောင်း ထားခဲ့ရသော ထျန်းချီ လှိုင်းလေးသည် ထူးဆန်းသော စွမ်းအင်၏ တွန်းပို့မှုကြောင့် အဓိက သွေးကြောမများထံ ရောက်ရှိသွားလေသည်။ ရုတ်တရက် ဖြစ်သွားသည့် အခြေအနေတွင် ထိတ်လန့်ဖို့ ကောင်းစွာပဲ ယဲ့ချန် သိလိုက်ရသည်မှာ ထိုထူးဆန်းသော စွမ်းအင်သည် သူ့ထိန်းချုပ်မှု အောက်၌ လုံးဝ ရှိမနေဘူး ဆိုတာပင်။ "ဘယ်... ဘယ်လို စွမ်းအင်ကြီးလဲ" ထို့နောက် ယဲ့ချန်သည် အလျင်အမြန်ပဲ သူ၏ အဓိက သွေးကြောမများအား စစ်ဆေး ကြည့်လိုက်သော်လည်း ၎င်းတို့မှာ ယခင်ကအတိုင်း ပျက်စီးနေဆဲ ဖြစ်သည်ကို ဝမ်းနည်းဖွယ် တွေ့လိုက်ရသည်။ သူ၏ အသိစိတ်အတွင်းရှိ ဓားမှာ ငြိမ်သက်သွားပြီ ဖြစ်သည်။ မကြာသေးမီက ပေါက်ကွဲ ထွက်လာသော ထူးဆန်းသည့် စွမ်းအင်သည် ထျန်းချီနှင့် ဆင်တူသော်လည်း ထျန်းချီထက် ပို၍ ရှိန်လောက်စရာ ကောင်းသည်။ ရိုးရှင်းစွာ စဉ်းစားလျှင်ပင် ထိုထူးဆန်းသည့် စွမ်းအင်က ပဟေဠိ ဆန်လွန်းလှသည်။ ယဲ့ချန် အတွေးများနေစဉ် အစောက ကျောက်တုံးအား လက်သီးနှင့် ထိုးထားသော လက်မှာ အလွန် ယားယံနေကြောင်း ခံစားလိုက်ရသည်။ သို့နှင့် သူငုံ့ကြည့် လိုက်သည်တွင် ထခုန်မိမတတ် လန့်ဖျပ် သွားရသည်။ လက်၏ အပေါ်ယံ အရေပြားလွှာမှာ ကွာကျ ထားသကဲ့သို့ အမှန်အမွှားများ အဖြစ် ပြောင်းလဲနေ၏။ ယဲ့ချန်က ထိုအမှုန်အမွှားများအား ခါထုတ် လိုက်သည်တွင် ပျော့ပျောင်းကာ မွေးကာစ ကလေး တစ်ယောက်၏ အသားကဲ့သို့ ပန်းနုရောင် သန်းနေသော သူ၏ လက်အား တွေ့လိုက်ရသည်။ "ငါလုပ်မိတာ ဆိုလို့... အသိစိတ်ထဲက ဓားကို ထိန်းချုပ်ဖို့ ကြိုးစား ကြည့်တာပဲ ရှိတယ်။ ဒါက ဒီလို သက်ရောက်မှုကို ဖြစ်စေတယ်လား" ထိုသို့အတွေးနှင့် ယဲ့ချန် တုန်ယင်သွားသည်။ ထိုဓားကား သူ၏ သိလိုစိတ်ကို နှိုးဆွ နေသလိုပင်။ ညအချိန်ရောက်မှ ထပ်စမ်းကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ သိုင်းသရုပ်ပြခြင်း ပြီးဆုံးသည့်နောက် ယဲ့ကျန့်ရှုံး၏ မျက်လုံးများက လူအုပ်ကြီးအား ကျော်လွန်၍ ကျောက်တုံးပေါ်တွင် ထိုင်နေသော ယဲ့ချန်ထံ ရောက်ရှိသွားသည်။ ယဲ့ကျန့်ရှုံး သက်ပြင်းချမိသည်။ တစ်ချိန်က သူတို့ ယဲ့ကလန်၏ အတောက်ပဆုံး ပါရမီရှင်လေးကား နတ်ဘုရားများ၏ ဒဏ်ခတ်ခြင်း ခံရသကဲ့သို့ အဓိက သွေးကြောမများ ပျက်ဆီး သွားခဲ့သည်။ သူက မကူညီနိုင်သော်လည်း စိတ်မကောင်း ဖြစ်မိသည်သာ။ အတိတ်သို့ ပြန်ပြောင်းကြည့်လျှင် ယဲ့ချန်သည် စိတ်လိုက်မာန်ပါ ပြုတတ်သည်က လွဲ၍ ထူးချွန်သော လူငယ်လေး ဖြစ်သည်။ သို့သော် ယခု သုံးနှစ် ကြာပြီးနောက် ယဲ့ချန်သည် သည်းခံတတ်၍ နှိမ့်ချသော လူငယ်လေးအဖြစ် ပြောင်းလဲ သွားခဲ့သည်။ ပျက်စီးသွားသော အဓိက သွေးကြောမများကြောင့်သာ မဟုတ်ပါက ယဲ့ချန်၏ အနာဂတ်က အလွန် တောက်ပနေမည် ဖြစ်သည်။ ကံကြမ္မာကား အလှည့်အပြောင်း များလှသည်။ ထို့နောက် ယဲ့ကျန့်ရှုံးသည် အထီးကျန်လှစွာ တကိုယ်တည်း ရှိနေသော ယဲ့ချန်ထံ လျှောက်သွား လိုက်လေသည်။ ***









ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now