(59)စစ်လက်နက် နတ်ဘုရားစစ္လက္နက္ နတ္ဘုရား

42 0 0
                                    

Chapter 1 "ယန်ကိုးပါးနတ်ဘုရားမီးပြင်းဖို"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Chapter 1 "ယန်ကိုးပါးနတ်ဘုရားမီးပြင်းဖို"

"ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ကံလဲကွာ၊ ဒီကောင်က တော်တော်ပျော့တာပဲ၊ သိပ်တောင် မရိုက်လိုက်ရဘူး၊ သေသွားပြီ" "အစ်ကိုဟု န်၊ အဲဒါ အဆင်ပြေပါ့မလား၊ တကယ်တမ်းဆို သူက ငါတို့ ဦးလေးရဲ့ သားပဲလေ၊ ဦးလေးသာ သိသွားရင် ..." "သူက တရားမဝင်သား တစ်ယောက်ပဲ၊ ဘာကြောက်စရာ ရှိလို့ တုန်း၊ ပြီးတော့ တို့ လုပ်တယ်လို့ ဘယ်သူက သိမှာ တုန်းဟ၊ လုပ် လုပ် မြန်မြန်လုပ်၊ ဒီ သောက်ပုံမလာတဲ့ နေရာကနေ လစ်ကြမယ်" "..." ရုတ်တရက် ထန်ဟွမ်က ကျိန်ဆဲသံတွေ ပါဝင်တဲ့ အသံလှိုင်းတစ်ခုကို ကြားလိုက်ရသလို ခံစားမိလိုက်တာကြောင့် အာရုံစိုက် နားထောင်လိုက်စဉ်မှာ တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားတဲ့ ဝရုန်းသုန်းကား ခြေသံတွေကို ကြားခဲ့ရတယ်။ "ဦးလေး၊ တရားမဝင်သား" အဲဒီစကားလုံးတွေက ထန်ဟွမ့် စိတ်အတွင်း မှုန်မှုန်ဝါးဝါး ထွက်ပေါ် လာပြီး ရုတ်တရက် တုန်ယင်ကာ နိုးလာခဲ့တယ်။ အဲ့ဒီနောက် ထထိုင်နိုင်ဖို့ အတွက် မှောက်ခုံ ဖြစ်နေရာကနေ ကြိုးစားပြီး ပက်လက် လှန်ခဲ့တယ်။ "ငါ တကယ် အသက်ရှင်နေတုန်းလား" ထန်ဟွမ်တစ်ယောက် မျက်တောင်တစ်ခတ် အတွင်း မသိစိတ်နဲ့ ဝေ့ကြည့်လိုက်ရာ အူကြောင်ကြောင် ဖြစ်သွားခဲ့တယ်။ ဒီနေရာက သူ့ရဲ့ ခမ်းနားထည်ဝါသည့် အိပ်ခန်းမဟုတ်ဘဲ ရိုးရှင်းပြီး အကြမ်းထည် ဆန်သည့် အခန်းတစ်ခု ဖြစ်နေခဲ့တယ်။ သူ လဲလျောင်းနေသည့် သစ်သားခင်းအိပ်ရာ၊ ညစ်ပတ်ရှုပ်ပွနေသော ကြမ်းပြင်- ဘာတစ်ခုမှ အကျွမ်းတဝင် ရှိမနေခဲ့ပါ။ သူ့ဘေးပတ်လည်မှာ ရှိတဲ့ သစ်သားပျဉ်ပြားတွေနဲ့ ပြုလုပ်ထားတဲ့ အနက်ရောင်နံရံတွေ ပေါ်မှာ လက်နက်မျိုးစုံ ချိတ်ဆွဲထားပါတယ်။ အခန်းရဲ့ ဘေးတစ်ဖက်မှာ တော့ သတ္တုတုံးကြီး တစ်တုံး၊ ဖားဖိုတစ်ခု၊ သံမီးဖိုနဲ့ တူတဲ့ အရာ တစ်ခုတို့ ရှိနေခဲ့တယ်။ သတ္တုတုံးရဲ့ ဘေးမှာ အကြီးအသေး အရွယ်အစားမျိုးစုံတဲ့ တူအနည်းငယ်က နေရာအနှံ့ ဖြစ်ကတတ်ဆန်း ပြန့်ကျဲလျက် ရှိတယ်။ ဒါ ပန်းပဲဆိုင်ပဲ လို့ ထန်ဟွမ် ချက်ချင်း သိခဲ့တယ်။ "ငါ အလုပ်ရုံမှာ ဓားတစ်လက် ထုနေတုန်း သတိလစ် သွားခဲ့တာပဲ၊ ငါ့ကို တစ်ယောက်ယောက်က ကယ်ခဲ့တယ်ဆိုရင် ငါ့အိမ် ဒါမှ မဟုတ် ဆေးရုံတစ်ခုမှာ နိုးလာသင့်တယ်၊ ဒီပန်းပဲဖိုထဲကို ဘယ်လိုရောက်နေရတာလဲ" ထန်းဟွမ်ကတော့ အဲဒီအကြောင်းကို ပြန်စဉ်းစားဖို့ မတတ်နိုင်ခဲ့ဘူး၊ ပြီးတော့ သူ့ခေါင်းက ပေါက်ကွဲတော့မတတ် ပြင်းပြင်းထန်ထန် ကိုက်ခဲနာကျင် သွားခဲ့တယ်၊ အဲဒီခဏမှာ ပဲ အကြောင်းအရာ အချက်အလက်ပေါင်း များ စွာက သူ့စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာခဲ့တယ်။ "အား" ကျယ်လောင်စွာ အော်ဟစ် ညည်းညူရင်း ထန်းဟွမ်က သူ့ခေါင်းကို တင်းကျပ်စွာ ဖိထားသော်လည်း ဘယ်လိုမှ ခံနိုင်စွမ်း မရှိခဲ့ပါဘူး၊ သူ့မျက်နှာက ဖြည်းဖြည်းချင်း ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့တယ်။ အချိန်တွေ ဘယ်လောက် ကြာသွားသည် မသိ၊ နောက်ဆုံးမှာ ထန်ဟွမ့်ပုံစံက အနည်းငယ် တိုးတက်လာခဲ့တယ်၊ ဒါပေမဲ့ သူ့အသွင်က တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး မျက်လုံးတွေ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေကာ သူ့မျက်နှာထက်မှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက် နေခဲ့တယ်။ "ကျက်သရေ ကုန်းမြေ ဆိုပါလား" အချိန် အတော်ကြာပြီးနောက် နောက်ဆုံးမှာ ထန်ဟွမ် သတိပြန်ဝင် လာပြီး မယုံကြည်နိုင်စွာ ဗလုံးဗထွေး ရေရွတ်ခဲ့တယ်။ မူလပထမ သူက အသက်သုံးဆယ် မတိုင်ခင် ကတည်းက ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြား နေပြီးသား ဓားရှည်ဆိုင်ရာ လက်မှုပညာသည် တစ်ဦးဖြစ်ပါတယ်။ သူဖန်တီး ထုလုပ်ထားတဲ့ ဓားတစ်လက်စီတိုင်းရဲ့ တန်ဖိုးက ငွေတစ်သန်းအထက် ရှိခဲ့တယ်။ ဒါပေမဲ့ ထန်ဟွမ်က သူ့ဓားတွေရဲ့ အရည်အသွေးကို ကျေနပ်ရောင့်ရဲမှု မရှိခဲ့ပါဘူး။ သူက ရှေးခေတ်က ငါးအူဓားနှင့် မဟာရွှယ်ဓားတို့လို ထင်ရှားကျော်ကြားတဲ့ ပြိုင်ဘက်ကင်း ဓားတစ်လက်ကို သန့်စင်ထုလုပ် ချင်ခဲ့တယ်။ အဲဒီလိုလုပ်နိုင်ဖို့ သူက ရှေးဟောင်းစာအုပ် အမျိုးမျိုးကို အဆက်မပြတ် လေ့လာခဲ့ပြီး ရှေးဟောင်းဓားသန့်စင် ထုလုပ်ခြင်း ပညာရပ်ကို အပတ်တကုတ် ရှာဖွေလေ့လာခဲ့တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုက အရာထင်ခဲ့ပြီး နောက်ဆုံးမှာ သူက ဓားသန့်စင် ထုလုပ်တဲ့ မီးပြင်းဖို တစ်ခုနဲ့ ပြိုင်ဘက်ကင်း ဓားသန့်စင် ဖန်တီးမှုပညာရပ် တစ်ခုတို့ ကို အမှန်တကယ် ရှာဖွေ တွေ့ရှိခဲ့တယ်။ ထန်ဟွမ်က အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို ရလိုက်သလိုမျိုး သူ့ရည်မှန်းချက်အတိုင်း ချက်ချင်း ကြိုးစား လုပ်ဆောင်ခဲ့တယ်။ အစပိုင်းမှာ အရာအားလုံး အဆင်ပြေ ချောမွေ့နေခဲ့ပေမယ့် မီးပြင်းဖိုထဲကနေ ရတနာဓားကို ဆွဲထုတ်ခါနီးမှာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့တယ်။ ဓားထုလုပ်နည်းအရ ဓားဟာ ဓားသွန်းလုပ်သူရဲ့ သွေးကို လမ်းညွှန်တစ်ခု အဖြစ် လက်ခံရယူရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဓားဟာ ရေခဲတမျှ အေးစက်တဲ့ ဓား အဖြစ်သာ မဟုတ်ဘဲ မှန်ကန်တဲ့ စိတ်ဝိညာဉ်တစ်ခု ရရှိသွားရန် အတွက် ဖြစ်တယ်။ ပုံမှန်အားဖြင့် ထန်ဟွမ်ဟာ သူ့သွေးကို နှမြောတွန့်တို နေမယ့်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့သွေးတွေကို မီးပြင်းဖိုထဲ အစက်ချ ထည့်သွင်းပေးနေစဉ် မမျှော်လင့်ဘဲ ဖြစ်လာတဲ့ ကိစ္စတစ်ခုက မီးပြင်းဖိုဟာ ငတ်ပြတ် ဆာလောင်နေတဲ့ ဝံပုလွေ တစ်ကောင်ပမာ သူ့သွေးအားရရှိရန် အသည်းအသန် ကြိုးစားနေခဲ့ခြင်းပင် ဖြစ်တယ်။ သိပ်မကြာခင်မှာ ပဲ ထန်ဟွမ်ဟာ မူးလဲကာ လုံးဝ သတိလစ်မေ့မြော သွားခဲ့တယ်။ သူ သတိရလာသည့် အချိန်တွင် တော့ 'ကျက်သရေကုန်းမြေ'လို့ ခေါ်တဲ့ နေရာကို အမှန်တကယ် ရောက်ရှိနေခဲ့ပါပြီ။ သည့် အပြင် သူ့ခေါင်းထဲမှာ အခြားတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေ ရှိနေခဲ့တယ်။ သူ့မှတ်ဉာဏ်ထဲရှိ ပုဂ္ဂိုလ်မှာ လှိုင်းကြမ်းမြို့တော်၊ ထန်မိသားစု ခေါင်းဆောင်ရဲ့ တရားမဝင်သား၊ အသက် ၁၆ နှစ်အရွယ်၊ ထန်ဟွမ် (အမည်တူ) ဖြစ်ပါတယ်။ သူ့အမေသည် မူလက ထန်မိသားစုရဲ့ အစေခံဖြစ်ပြီး ပန်းကလေး တစ်ပွင့်လို အလွန်လှပတာကြောင့် ထန်မိသားစု ခေါင်းဆောင်က လိုချင်ခဲ့တယ်။ သူကိုယ်ဝန် ရှိလာတဲ့ အခါ မိသားစု ခေါင်းဆောင်ရဲ့ တရားဝင် ဇနီးက လက်မခံဘဲ သူ့ကို ခပ်မြန်မြန် နှင်ထုတ်ခဲ့တယ်။ အဲ့ဒီနောက် လှိုင်းကြမ်းမြို့မှာ ရှိတဲ့ ကြင်နာ သနားတတ်တဲ့ ပန်းပဲဆရာ တစ်ဦးက သူ့ကို ခေါ်ယူ စောင့်ရှောက်ခဲ့တယ်။ သူ သိတတ်နားလည်စ အရွယ်မှာ ပဲ သူ့အမေ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ ထို့နောက်ပိုင်း သူက ပန်းပဲဆရာအိုကြီးနဲ့ အတူနေထိုင်ပြီး သူ့ဆီကနေ ပန်းပဲပညာကို လေ့လာသင်ယူ နေခဲ့တယ်။ "ဒီကလူတွေက တကယ်ပဲ တန်ခိုးစွမ်းအင် ကျင့်ကြံနိုင်ကြလား" ထန်ဟွမ်လေးရဲ့ မှတ်ဉာဏ်တွေအရ ဒီကမ္ဘာမှာ ရှိတဲ့ လူတွေက သူတို့ ရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံပြီး သူတို့ ခန္ဓာကိုယ်ထဲမှာ အစစ်အမှန် ချီတွေကို ဖော်ထုတ်ဖန်တီး နိုင်ကြပါတယ်။ အဲဒီလို အစစ်အမှန်ချီတွေကို ဖော်ထုတ်နိုင်သူ သာလျှင် အမှန်တကယ် စွမ်းအားကြီးမားတဲ့ လက်နက်တွေကို ထုလုပ်ပြီး လေးစားဖွယ် လက်နက်ထုလုပ်သူ တစ်ဦး ဖြစ်လာဖို့ အခွင့်အရေး ရှိပါလိမ့်မယ်။ ဥပမာအနေနဲ့ ပန်းပဲဆရာအိုကြီးက အဆင့်နိမ့် လက်နက်သန့်စင် ထုလုပ်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ထန်ဟွမ်လေးက ပန်းပဲပညာမှာ အလွန်အမင်း စိတ်ဝင်စားပေမယ့် ကံမကောင်း အကြောင်းမလှစွာ သူရဲ့ ပါရမီ (ပင်ကိုစွမ်းရည်)က သာမန် ဆန်လွန်းခဲ့တယ်။ ဒါကြောင့် ယခုအချိန်အထိ အစစ်အမှန်ချီကို ဖော်ထုတ် ကျင့်ကြံနိုင်ခြင်း မရှိခဲ့ဘဲ သာမန်လက်နက်များ ကိုသာ ထုလုပ်နိုင်ခဲ့တယ်။ လွန်ခဲ့သည့် လ၊ ပန်းပဲဆရာအိုကြီးက ရုတ်တရက် အိမ်မှ ထွက်သွားပြီး ပြန်ရောက် မလာသေးပါဘူး။ လူငယ်လေးအနေနဲ့ ရွေးချယ်စရာ မရှိဘဲ လက်နက် အနည်းငယ်ကို ရောင်းစားဖို့ သာ လုပ်ရတော့တယ်။ ဈေးကိုသွားရာလမ်းမှာ မမျှော်လင့်ဘဲ ထန်မိသားစုဝင် အနည်းငယ်နဲ့ တွေ့ခဲ့ပြီး အသေးအဖွဲ ကိစ္စလေး တစ်ခုကြောင့် ပြဿနာ ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ သူ အသတ်ခံလိုက်ရပြီး ပန်းပဲဆိုင်ထဲ ပြန်ထားပစ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ "ဒီကလေးက သေသွားပြီပဲ၊ ဘာဖြစ်လို့ သူ့မှတ်ဉာဏ်တွေက ငါ့ဆီမှာ ရှိနေရတာလဲ" ထန်ဟွမ် တစ်ခဏကြာ အံ့အားသင့်ခဲ့တယ်၊ အဲဒီနောက် သူမေ့မျောနေစဉ်မှာ ကြားခဲ့ရတဲ့ စကားသံတွေကို သတိရသွားပြီး ညစ်ညူးဖွယ် အချက်ပေးသံတွေကို ခံစားခဲ့ရတယ်။ ချက်ချင်းပင် မသိစိတ်ရဲ့ စေ့ဆော်မှုအရ မိမိကိုယ်ကို ငုံ့ကြည့်မိရာ အသားမာအပြည့်နဲ့ ကြမ်းတမ်းသော လက်များ ၊ ရှည်သော အရပ်အမောင်း၊ ပိန်သောကိုယ်လုံး၊ ဖျင်ကြမ်း အဝတ်အစား၊ ဖြူဖပ်နေသည် အထိ လျှော်ဖွပ်ထားသော အနက်ရောင်အဝတ် ဖိနပ်တစ်စုံ - ဒါ တကယ့်ကို သူ့ခန္ဓာကိုယ် မဟုတ်ခဲ့ပါဘူး။ ထန်ဟွမ် ထိတ်လန့်တုန်လှုပ် သွားပြီး လှည့်ပတ် ကြည့်နေရင်းမှ ထခုန်မိခဲ့တယ်။ ခဏအကြာ ထန်ဟွမ်တစ်ယောက် ကြေးနီမှန် တစ်ချပ်ရှေ့မှာ ရပ်ရင်း ကြေးနီရောင် သန်းနေပေမယ့် ချောမော ခန့်ညားတဲ့ လူစိမ်းရဲ့ မျက်နှာကိုကြည့်ကာ ဆွံ့အ နေခဲ့တယ်။ ယခု ထန်ဟွမ်က နောက်ဆုံးမှာ တစ်ခုခုကို သိလိုက်ပါပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ထန်ဟွမ်က သေဆုံးသွားပြီးတဲ့ နောက်မှာ သူ့ဝိညာဉ်က ကျက်သရေကုန်းမြေ၊ လှိုင်းကြမ်း မြို့တော်မှာ ရှိတဲ့ မကြာခင်က သေဆုံးသွားတဲ့ လူငယ်လေးထန်ဟွမ်ရဲ့ ခန္ဓာကိုယ်ထဲကို ထူးခြားဆန်းကြယ်စွာ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ မှတ်ဉာဏ်များကိုပါ လက်ခံရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အချိန် အတော်ကြာပြီးနောက် အိပ်မက်ကနေ လန့်နိုးလာသူ တစ်ယောက်လို ခါးသီးတဲ့ အပြုံးတစ်ခုက ထန်ဟွမ့် မျက်နှာထက်မှာ ပေါ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ မူလဘဝကို ပြန်သွားဖို့ မဖြစ်နိုင်တော့တဲ့ ပုံပါပဲ။ ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ၊ ကား ဘာတစ်ခုမှ မရှိတဲ့ ဒီကမ္ဘာကြီးထဲမှာ သူ့အနေနဲ့ ဆက်ပြီး နေနိုင်ပါ့မလား ဆိုတာ သူမသိတော့ပါဘူး။ သို့သော် ဒီလိုနေရာမှာ ဒီလိုအဖြစ်ကို ကြုံလာတဲ့ အတွက် သူ့ကိုသူ သနားနေရမည့် အချိန်မဟုတ်ပါဘူး။ "ကောင်းပြီလေ၊ မင်းက ဒီကိုရောက်နေပြီ ဆိုမှ တော့၊ ဒီမှာ အဆင်ပြေအောင် ကြိုးစားလိုက်တာပေါ့" ထန်ဟွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ဆုံးမှာ တော့ အဖြစ်မှန်ကို အကူအညီမဲ့စွာ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို လိုချင်ရင်တော့ သူ့အနေနဲ့ မြင့်မားတဲ့ စွမ်းရည်တစ်ခု ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ထန်မိသားစုက ရိုက်သတ်တာကို ခံလိုက်ရတဲ့ လူငယ်လေးလို ကြုံရပါ လိမ့်မယ်။ သူ့အတွက် တရားမျှတမှုကို ရှာပေးမယ့်သူလည်း ရှိလာမှာ မဟုတ်ပါဘူး။ "ကျင့်ကြံရမယ်၊ စွမ်းအင် ကျင့်ကြံခြင်းကသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားကို ရရှိစေမှာ ဖြစ်တယ်၊ စွမ်းအင် ကျင့်ကြံခြင်းကသာ မြင့်မြတ်တဲ့ လက်နက်သန့်စင် ထုလုပ်သူတစ်ဦး ဖြစ်လာစေလိမ့်မယ်၊ ဒီလိုသာ မဟုတ်ရင် ငါ့အနေနဲ့ သူတစ်ပါး အနိုင်ကျင့်တာကို ငြိမ်ခံရုံပဲ တတ်နိုင်လိမ့်မယ်" ထန်ဟွမ့် မျက်လုံးတွေထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် အလင်းတန်းတွေ လင်းလက် သွားခဲ့တယ်။ အဲဒီနောက် အဲ့ဒီလူငယ်လေး ထန်ဟွမ်ရဲ့ မှတ်ဉာဏ်တွေကို ဂရုတစိုက် စတင်ပြန်လည် စဉ်းစားယူခဲ့တယ်။ "ချီလမ်းကြောင်းအား ချဲ့ထွင်ခြင်းနှင့် စွမ်းအင်စုစည်းခြင်း ပညာရပ်" သိပ်မကြာလိုက်ပဲ ထန်ဟွမ်က ပန်းပဲဆရာအိုကြီး သူ့ကို သင်ပေးခဲ့တဲ့ ပညာရပ်ကို တွေ့ရှိခဲ့သည် ။ ဒီ 'ချီလမ်းကြောင်းအား ချဲ့ထွင်ခြင်းနှင့် စွမ်းအင်စုစည်းခြင်း ပညာရပ်'က အလွန်ကောင်းမွန်တဲ့ အဆင့်နိမ့် အခြေခံပညာရပ် တစ်ခုဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအင် စီးဆင်းရာ ချီလမ်းကြောင်း ကိုးခု ရှိတယ်။ တစ်စုံတစ်ယောက်က အဲဒီချီလမ်းကြောင်းတွေ ထဲက တစ်ခုကို ဖွင့်ထားနိုင်သရွေ့ ကောင်းကင်နှင့် ကမ္ဘာမြေ ပေါ်မှာ ရှိတဲ့ စွမ်းအင် (စိတ်ဝိညာဉ်စွမ်းအင်)တွေကို စုပ်ယူစုစည်းပြီး ပြန်လည်သန့်စင်ကာ အစစ်အမှန် ချီတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ချီစွမ်းအင် စီးဆင်းရာ ချီလမ်းကြောင်းတွေကို အရေအတွက်များများ ဖွင့်နိုင်လေ ခန္ဓာကိုယ် အတွင်းမှာ အစစ်အမှန်ချီတွေကို ပိုမိုစုစည်းနိုင်လေ ဖြစ်တယ်။ ကျက်သရေကုန်းမြေရဲ့ သတ်မှတ်ချက်တွေ အရ လူတစ်ဦးက ချီလမ်းကြောင်း သုံးခုဖွင့်ပြီးပါက အဆင့် ၁ - သိုင်းအခြေခံ၊ ချီလမ်းကြောင်း ခြောက်ခုဖွင့်ပြီးပါက အဆင့် ၂ - သိုင်းအခြေခံ၊ ချီလမ်းကြောင်းကိုးခု ဖွင့်ပြီးပါက အဆင့် ၃ - သိုင်းအခြေခံ ဖြစ်လာမှာ ပါ။ အဲဒီနောက် စွမ်းအင်ဗဟိုချက် (ဒန်တန်(သို့)ချီပင်လယ်) ထဲမှာ စိတ်ဝိညာဉ်စွမ်းအင် ဘီးတစ်ခုကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပြီး အဆင့် ၄ - သိုင်းသခင်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်တယ်။ မှန်ပါတယ်၊ လက်ရှိမှာ ထန်ဟွမ် အတွက်တော့ ဒါက အလွန် အလှမ်းဝေးကွာ နေသေးတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခုလက်ရှိ သူ့အနေနဲ့ ဦးစားပေး အဓိက ကြိုးစားရမယ့် အရာက ပထမ ချီလမ်းကြောင်းကို ဖွင့်ဖို့ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ထန်ဟွမ်က အများကြီးတော့ ယုံကြည်မှု မရှိခဲ့ပါဘူး။ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က 'ချီလမ်းကြောင်းအား ချဲ့ထွင်ခြင်းနှင့် စွမ်းအင်စုစည်းခြင်း ပညာရပ်'ကို အသက် ၆နှစ်ကတည်းက ကျင့်ကြံ နေခဲ့တာပါ။ ဆယ်စုနှစ် တစ်ခုလုံး ကျင့်ကြံပြီးတဲ့ နောက်မှာ တောင် ချီလမ်းကြောင်း တစ်ခုတောင်မှ မဖွင့်နိုင်ခဲ့သေးပါဘူး။ သူ့ပါရမီက တကယ့်ကို သာမန် ဆန်လွန်းခဲ့တာပါ။ "ကမ္ဘာပေါ်မှာ စွမ်းအင်(စိတ်ဝိညာဉ်စွမ်းအင်)တွေရှိပြီး စွမ်းအင်ကနေ 'ချီ' ကိုရရှိပါတယ်၊ ရရှိလာတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ချီစွမ်းအင်ကို လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ချီလမ်းကြောင်းတွေဆီ ချိတ်ဆက်ရပါတယ် ..." ကျင့်စဉ်စာသားတွေက သူ့စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်လာတာကြောင့် ထန်ဟွမ်ဟာ မြေပြင်ပေါ် ချက်ချင်း တင်ပျဉ်ခွေ ထိုင်ချလိုက်တယ်။ တစ်ပြိုင်တည်း အာရုံပျံ့လွင့်စရာ အတွေးအားလုံး ဖယ်ရှားလိုက်ပြီး သူ့စိတ်ကို ငြိမ်အောင် ထားလိုက်တယ်။ လျင်လျင်မြန်မြန်နဲ့ ပဲ ထန်ဟွမ်ဟာ 'ချီလမ်းကြောင်းအား ချဲ့ထွင်ခြင်းနှင့် စွမ်းအင်စုစည်းခြင်း' ကျင့်စဉ် နည်းလမ်းအတိုင်း လိုက်ပါလုပ်ဆောင် ကျင့်ကြံခဲ့တယ်၊ သူ့လက်ဆယ်ချောင်းက အကျွမ်းတဝင် မြန်ဆန်စွာ ပုံစံအနေအထား အမျိုးမျိုး အဆက်မပြတ် ပြောင်းလဲနေခဲ့တယ်။ ဒီအခြေခံအဆင့် စွမ်းအင်ကျင့်စဉ်ကို ဒီလူငယ်လေးက ဆယ်နှစ်လောက် လေ့ကျင့်ခဲ့ပြီး ဖြစ်တာကြောင့် ဘာမှ မရခဲ့ပေမယ့်လည်း ဒီကျင့်စဉ်ရဲ့ စာသားတွေနဲ့ အမျိုးမျိုးသော လက်ဟန်တွေကတော့ အတော့်ကို ကျွမ်းကျင် နေခဲ့ပြီးပါပြီ။ "ဘန်း" အဲဒီခဏမှာ ထန်ဟွမ်က သူ့စိတ်ထဲမှာ ပြင်းထန်တဲ့ တုန်ခါမှုတစ်ခု မြည်ဟည်း ထွက်ပေါ်ခဲ့သလို ခံစားခဲ့ရပြီး၊ တစ်ဆက်တည်း သူ့စိတ်ထဲမှာ အနီရောင်အိုးကြီး တစ်လုံး ရုတ်တရက် ပေါ်လာခဲ့တယ်။ အိုးကြီးက အောက်ခြေမှာ ခြေထောက်သုံးချောင်း၊ အိုးနှုတ်ခမ်း ထိပ်နားမှာ နားဖားကြီးနှစ်ခုပါ ရှိပြီး အဝိုင်းပုံ ဒယ်စောက်အိုး တစ်လုံး ဖြစ်ပါတယ်။ လှပပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ကေတ ပုံစံတွေကို အိုးရဲ့ ဘေးနှစ်ဖက် လုံးပေါ်မှာ ထွင်းထားပါတယ်။ ၎င်းပေါ်လာတာနဲ့ တပြိုင်နက် ထန်ဟွမ်က ရှေးကျပြီး လက်လှမ်း မမီနိုင်တဲ့ အရှိန်အဝါ တစ်မျိုးကို ခံစားခဲ့ရတယ်။ အဲဒီအရာက မရေမတွက် နိုင်အောင် နှစ်ပေါင်းများ စွာ ကြာတဲ့ အထိ အိပ်ပျော်ရာကနေ နောက်ဆုံးမှာ နိုးထလာခဲ့တဲ့ ပုံမျိုးပါပဲ။ "ဒါ ငါ့ရဲ့ ဓားလုပ်တဲ့ မီးပြင်းဖို မဟုတ်လား" ထန်ဟွမ် အနည်းငယ် တုန်လှုပ်ချောက်ချား သွားခဲ့တယ်။ အဲဒီတုန်းက သူက ရှေးဟောင်းဓားသန့်စင် ထုလုပ်မှု ပညာရပ်ကို ရရှိတဲ့ အခါ ဓားသန့်စင် ထုလုပ်တဲ့ မီးပြင်းဖို ကိုလည်း ရရှိခဲ့တယ်။ နောက်ဆုံးအချိန် ရတနာဓားထုလုပ်မှု ပြီးခါနီးမှာ ဓားသန့်စင် ထုလုပ်တဲ့ မီးပြင်းဖိုက သူ့သွေးတွေကို အဆက်မပြတ် စုပ်ယူခဲ့ခြင်းကြောင့် သွေးခန်းခြောက်ပြီး သေခဲ့ရတယ်။ ပုံမှန်ဆိုရင် မီးပြင်းဖိုက ဓားသန့်စင် ထုလုပ်တဲ့ အလုပ်ရုံမှာ ရှိနေရမှာ ဖြစ်ပေမယ့် အခု သူ့စိတ်ထဲမှာ ဘာ့ကြောင့် ထွက်ပေါ်ခဲ့တာလဲ။ ဒါက ထန်ဟွမ့်ကို အလွန့်အလွန် စိတ်ရှုပ်ထွေး စေခဲ့တယ်။ သို့ရာတွင် ရုတ်တရက် အိုး(မီးပြင်းဖို)ပေါ်မှာ ရှိတဲ့ အမျိုးမျိုးသော သင်္ကေတ ပုံစံတွေက အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ လှည့်ပတ်နေခဲ့ရာ အသက်ဝင်လာသလို ဖြစ်ခဲ့ပြီး သူ့စိတ်ထဲမှာ အဲဒါက မီးနဲ့ တူတဲ့ အနီရောင် အလင်းတန်း သန်းပေါင်း ရာဂဏန်းခန့် ထုတ်လွှတ်ခဲ့တယ်။ အဲဒီနောက် အေးမြတဲ့ ချီကြိုးမျှင်တွေ ဖြစ်ပေါ် လာပြီး အရပ်မျက်နှာ အနှံ့ကနေ သူ့ခန္ဓာကိုယ် ဘေးပတ်ဝန်းကျင် တစ်ဝိုက်မှာ စုစည်းခဲ့တယ်။ ထန်ဟွမ် ရေးတေးတေး သတိထား မိခဲ့တာက မီးပြင်းဖို မျက်နှာပြင်ပေါ်မှာ ရှိတဲ့ သင်္ကေတပုံစံတွေက ဧရာမ မှော်စာလုံးကြီးလေးလုံး အဖြစ် ပြောင်းလဲနေခဲ့ခြင်းပါ။ "ယန်ကိုးပါး နတ်ဘုရား မီးပြင်းဖို ဆိုပါလား" ထန်ဟွမ် သိချင်စိတ် ပိုမိုပြင်းပြလာခဲ့ပြီး လက်ဟန်တွေကို အဆက်မပြတ် ပြောင်းလဲ လုပ်ဆောင်နေတုန်းမှာ စိတ်ဝိညာဉ် စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို အရူးအမူး စီးဆင်းကာ မီးပြင်းဖိုထဲမှာ စုစည်းခဲ့တယ်။ လူငယ်လေးရဲ့ ဆယ်နှစ်တာ အတွေ့အကြုံအရ ထန်ဟွမ်က ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေကို စိတ်ဝိညာဉ် စွမ်းအားလို့ ခေါ်ဆိုကြောင်း သိရှိခဲ့တယ်။ ခဏအကြာ မီးပြင်းဖို အတွင်းမှာ စုဆောင်းထားခဲ့တဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက တရွှီရွှီ အော်မြည် လည်ပတ်ကာ ကြီးမားတဲ့ စီးကြောင်းတစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့တယ်။ အဲဒီနောက် ထန်ဟွမ်ရဲ့ လက်ဟန် ပြောင်းလဲမှု အပြီးမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်သန်း စီးဆင်းတဲ့ ချီလမ်းကြောင်း တစ်ခု ပွင့်သွားခဲ့တယ်။ ***





ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now