Chapter - 12

720 123 10
                                    









《Unicode》

ဖမ်းဆုပ်ရာ ရည်မှန်းချက်များ

နောက်ကွယ်တွင် သူများအကြောင်းပြောနေခြင်းက အမိခံလိုက်ရသောအခါ ထန်ရှူးကျယ်မှာ အနည်းငယ် နေရခက်သွားလေကာ လက်သီးဆုပ်လိုက်ပြီး ခပ်ဖွဖွ ချောင်းဟန့်လိုက်လေသည်။

ဆွေးနွေးမှု၏ ဇာတ်ဆောင်၊ နင်ကျစ်ယွမ်မှာတော့ အေးအေးဆေးဆေးပင်ရှိနေပြီး ရှင်းပြလာသည် : "ကျွန်တော် တစ်လျှောက်လုံး ဘေးအခန်းမှာ ရှိနေတာရယ်"

ဘေးအခန်းမှာ ရှိနေပြီး တစ်ချက်တောင် ထွက်မလာ။ ချောင်းနားထောင်ရတာ သိပ်ပျော်စရာကောင်းနေတယ်ပေါ့လေ။

ထန်ရှူးကျယ်မှာ တစ်ခုခုပြောမလို့ပြင်ရာမှာပင် မပြောဘဲနေဖို့သာ တွေးလိုက်၏။

စန်ကျစ်စန်းကလည်း ရယ်သွမ်းသွေးလာသည် : "အင်း"

ထန်ရှူးကျယ်မှာ တစ်ခုခုတော့ ထူးဆန်းနေမှန်း ခံစားနေရပြီး ထိုလေသံအား ဆက်လက်သည်းမခံနိုင်တော့ပေ။ လက်ပတ်နာရီအား တစ်ချက်ကြည့်လိုက်ကာ ဆင်ခြေပေး၍ လစ်ထွက်သွားလေတော့သည်။

နောက်မှာ ကျန်ရစ်ခဲ့သော စန်ကျစ်စန်းမှာတော့ သိပ်ဂရုစိုက်နေဟန်မရှိ။ လက်ချောင်းများဖြင့် ဘိလယက်ခုံအား ခပ်ဖွဖွ ခေါက်လာပြီး နင်ကျစ်ယွမ်အား လက်ဟန်ပြလိုက်လေသည် : "ဆော့ချင်လား?"

နင်ကျစ်ယွမ်မှာလည်း စိတ်မရှိပါပေ။ စန်ကျစ်စန်းက ဆော့ချင်တယ်ဆိုမှတော့ဖြင့် ဆော့လိုက်ရုံပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း တစ်ယောက်တည်း ပျင်းနေတာပင်။

သူတို့ အရိုးရှင်းဆုံး တရုတ်၈လုံးကစားနည်းကိုသာ ရွေးချယ်လိုက်ကြသည်။

နင်ကျစ်ယွမ် စန်ကျစ်စန်းဘက်ကို လျှောက်လာလိုက်ပြီး နှစ်ယောက်လုံး စမျဉ်းအနောက်တွင် ရပ်လိုက်လေသည်။

ချိန်ရွယ်နေစဉ်တွင် နင်ကျစ်ယွမ် ရုတ်တရက် ခေါင်းလှည့်လာပြီး ဘေးကလူကို ကြည့်လိုက်လေသည်။ အကြည့်တို့ ခြေချလိုက်ရာမှာ စန်ကျစ်စန်း၏မေးရိုးက အနည်းငယ်တင်းသွားလေသည်။

စန်ကျစ်စန်း၏အကြည့်တို့က အရှေ့က အဖြူရောင်ဘောလုံးထံတွင်သာ မြဲမြံစွာရှိနေပြီး မျက်နှာအမူအရာက မပြောင်းမလဲပင် : "ကိုယ့်ကိုမကြည့်နဲ့လေ အရှေ့ကိုကြည့်"

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now