《Unicode》ခင်ဗျားက ကျွန်တော့်အစ်ကို
နင်ကျစ်ယွမ် ပြောလိုက်ပြီးသည်နှင့် စန်ကျစ်စန်း၏လှုပ်ရှားမှုများမှာ ရပ်တန့်လို့သွားကာ လက်ချောင်းများသည်တော့ နင်ကျစ်ယွမ်၏လည်တိုင်ထက် ရှိနေဆဲ။ အကြည့်များတွင်မူ မှန်းဆအကဲစမ်းနေသည့်ဟန် စွက်လျက်။
နင်ကျစ်ယွမ်မှာ အကြည့်တို့အား မရှောင်ဖယ်သွားခဲ့ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေဆဲပင်။ "တကယ်၊ အရင်က ခင်ဗျားတွေ့ဖူးတာတွေရော၊ နောက်ထပ်တွေရော၊ ဝင်လာချည်ထွက်သွားချည်နဲ့ ကျွန်တော့်ဘေးနားမှာ မိန်းကလေးအဖော်တွေပြတ်တယ်မရှိခဲ့တာ၊ ရေတောင်မရေနိုင်တော့တဲ့အထိပဲလေ"
ဝင်လေထွက်လေတို့မှာ နီးကပ်နေခဲ့ရာ ချစ်သူရည်းစားအချင်းချင်း တီးတိုးတီးတိုးနှင့် တွတ်ထိုးနေပါသည့်နှယ်။
တိတ်ဆိတ်နေသောအကြည့်များအောက်တွင် နင်ကျစ်ယွမ်၏မျက်ဝန်းတို့မှာ စနောက်ကျီစယ်နေဟန်၊ သို့သော် အပြစ်ကင်းစင်သည့်ဟန်လည်း ပေါက်နေလျက်။
စန်ကျစ်စန်း ထပ်မံ၍သဘောပေါက်သွားရသည်မှာ နင်ကျစ်ယွမ်နှင့်ထိပ်တိုက်ရင်ဆိုင်ရခြင်းတွင် သူ့ထံ အရေးသာမှုများများစားစားမရှိလှကြောင်း။သူ၏မျက်နှာအမူအရာမှာ မပြောင်းမလဲဆက်ရှိနေပြီး အကြည့်တို့ကား နင်ကျစ်ယွမ်၏လည်တိုင်ထက် သက်ဆင်းသွားလေသည်။ လှလှပပ ပြေဆင်းသွားသော မေးရိုးနှင့် မှဲ့ကလေးအပေါ်တွင် သူ၏အာရုံအလုံးစုံကို ဦးတည်ထားခဲ့၏။ လက်ချောင်းများမှာ ၎င်းအား နှစ်ကြိမ်မျှ စိမ်ပြေနပြေပွတ်သပ်နေပြီးမှ လွှတ်လိုက်ကာ နောက်ဆုတ်လိုက်လေသည်။
စန်ကျစ်စန်း မီးဖွင့်လိုက်၏။
"ဘယ်လိုဝိုင်မျိုး သောက်ချင်လဲ?"
"ခင်ဗျားသဘော"
စန်ကျစ်စန်း လက်ဟန်ပြလိုက်ကာ : "အထဲဝင်လေ"
နင်ကျစ်ယွမ် သူ့အနောက်မှ ဧည့်ခန်းအတွင်းသို့ လိုက်ဝင်လာကာ ဦးဆုံး အပြင်မှညအလှအား ရှုစားလိုက်လေသည်။ တရုတ်နှစ်သစ်ကူးရောက်ရန် နှစ်ရက်သာလိုတော့သည်နှင့်အတူ ဤညတွင် မီးအလင်းရောင်တို့မှာ ယခင်တစ်ကြိမ်လာလည်ခဲ့စဉ်ထက် ပို၍ မျက်စိကျိန်းလောက်ဖွယ် တောက်ပနေတော့၏။
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်" 《同坠》Falling Together by 白芥子 76 Chapters