《Unicode》ရှန့်ရိခွိုက်လဲ့
"ပိုက်ဆံလေးတင်မဟုတ်ဘဲ အလုယက်ခံရနိုင်"ဟူသော စကားလုံးများက စန်ကျစ်စန်းပါးစပ်မှ ထွက်လာသောအခါ နင်ကျစ်ယွမ် ဝါးလုံးကွဲ ထရယ်မိလေသည်။ ရယ်သံအဆုံးတွင် သူ၏မျက်လုံးထောင့်စွန်းကလေးများပင် ခပ်ရဲရဲ စွန်းထင်ရစ်လေကာ သူ့မှာ အမှန်တကယ်ပင် ရစ်ထွေနေဟန်။
စန်ကျစ်စန်းက သူ့ကို စူးစိုက်စွာ ကြည့်နေလေသည်။ နင်ကျစ်ယွမ်သည် ထိုကဲ့သို့သော စစ်မှန်သည့်အပြုံးမျိုးကို သူ့ရှေ့တွင် ဖော်ထုတ်ပြခဲလှပေသည်။ ရင်ဘတ်အတွင်းထဲမှ ထွက်ပေါ်လာကာ စစ်မှန်ပြီး အူလှိုက်သည်းလှိုက်ဟန်။ မျက်လုံးအိမ်ထဲတွင် အပြုံးရိပ်တို့က စုဝေးနေပြီး သူ၏အကြည့်ကို တမူထူးခြားစွာပင် တောက်ပရွှန်းလဲ့နေစေလျက်။
"ဟုတ်ပြီလေ ဒါဆိုလည်း ဒီမှာ ညအိပ်လိုက်မယ်" : နင်ကျစ်ယွမ် ဆက်ပြီး ငြင်းဆန်မနေတော့ပေ။
စန်ကျစ်စန်း ခေါင်းညိတ်လိုက်လေသည် : "ဧည့်သည်ခန်းက ဘယ်ဘက်လျှောက်လမ်းရဲ့ အဆုံးမှာ ရှိတယ် အေးဆေး သုံးလို့ရတယ် လိုအပ်တာတစ်ခုခုရှိရင် ကိုယ့်ကိုပြော"
"ကျေးဇူး"
နင်ကျစ်ယွမ် စိတ်တို့ အမှန်တကယ် လျှော့လျှော့ပေါ့ပေါ့ဖြစ်မသွားခင်အထိ မှန်နံရံအပြင်မှ တလက်လက်တောက်ပနေသေးသောညကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်လေသည်။
ထိုညတွင် နင်ကျစ်ယွမ် မနက်ကိုးနာရီထိုးသည်အထိ အိမ်မက်မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။ အလုပ်မလုပ်သောဤကာလများတွင် နင်ကျစ်ယွမ်၏ ဇီဝကမ္မနာရီမှာ ထိုအချိန်တွင် နိုးလာရန် ကျင့်သားရနေခဲ့ပေသည်။
လွန်ခဲ့သောနာရီဝက်လောက်ကတည်းက စန်ကျစ်စန်းက ကုမ္ပဏီကို သွားလေပြီဖြစ်ပြီး မသွားခင် မီးဖိုချောင်ထဲတွင် မနက်စာပြင်ထားခဲ့ကြောင်း အသိပေးရန် စာမက်ဆေ့ချ်ချန်ထားခဲ့လေသည်။ ကြိုက်တဲ့အချိန် ထစားလိုက်ရန်နှင့် ပြီးလျှင် တစ်ယောက်ယောက်က သိမ်းဆည်းရန်လာမည့်အကြောင်း မှာထားခဲ့လေသည်။
![](https://img.wattpad.com/cover/370759505-288-k899742.jpg)
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်"