Chapter - 17

729 142 9
                                    










《Unicode》

မလျော်ကန်သည်များ

စန်ကျစ်စန်းမှ "ပျော်ရွှင်ဖွယ်ရာမွေးနေ့ပါ"ဟု ပြောလာချိန်တွင် နင်ကျစ်ယွမ် အမှန်တကယ်ပင် ကြက်သေသေသွားတာဖြစ်သည်။ သူ၏နှလုံးမှ တဒိန်ဒိန်းခုန်လှုပ်နေသံကိုပင် ကြားနေရပြီး စန်ကျစ်စန်း၏အပြုံးကြောင့် လက်တွေ့ဘဝကို တဖြည်းဖြည်းချင်း ပြန်မရောက်လာမီအထိ တစ်အောင့်လောက်ကြာခဲ့ပေသည်။

"ခင်ဗျား မှတ်မိတယ်?"

အနှီမေးခွန်း ပါးစပ်မှ လှစ်ခနဲထွက်သွားသည်နှင့် သူဘယ်လောက်တုံးအကြောင်း ရုတ်ခြည်း သတိရသွားလေတော့သည်။ ယနေ့က စန်ကျစ်စန်းအမေ၏ နှစ်ပတ်လည်နေ့ပင် ; သူ ဘာကြောင့်များ မမှတ်မိဘဲနေမည်နည်း။

စန်ကျစ်စန်း၏နှုတ်ခမ်းမှ အပြုံးက အနည်းငယ် မှိန်ဖျော့သွားလေသည်။

"တောင်းပန်ပါတယ် အရင်က ကျော်သွားခဲ့မိတယ်"

နှစ်ပေါင်းများစွာတိုင် သူနှင့် မိသားစုထဲမှလူအားလုံးက ယနေ့ကို သူ့အမေ၏နှစ်ပတ်လည်နေ့ဟုသာ အမှတ်ရကြပြီး နင်ကျစ်ယွမ်၏မွေးနေ့လည်း ဖြစ်ကြောင်းကိုမူ သတိမမူမိခဲ့ကြပေ။

ဥပေက္ခာပြုခံ၊ အမေ့လျော့ခံ၊ မိခင်ဖြစ်သူအား သေကိန်းဆိုက်စေသည့်တရားခံဟု အစွပ်စွဲခံ — နင်ကျစ်ယွမ်သည် အနှီအခြေအမြစ်မရှိလှသော စွပ်စွဲချက်များအား ခေါင်းခံမနေခဲ့ရသင့်။ အထူးသဖြင့် သူ၏အမှားမဟုတ်နေသောအခါတွင်ပင်။ သူသည် ဤမိသားစုအတွင်း ဆွဲအသွင်းခံခဲ့ရသောကြောင့်  နှစ်နှစ်ဆယ်ကျော်ကြာ မိခင်မေတ္တာငတ်ခဲ့ရသော ကံမကောင်းသည့်လူတစ်ယောက်သာ ဖြစ်ပေသည်။ ဒီအရာအားလုံးကို တောင့်ခံမနေခဲ့ရသင့်ပေ။

ထိုညက သစ်ပင်ပင်စည်ကိုမှီကာ နာကြည်းချက်များကို ဖွင့်ထုတ်သည့်ဟန် နင်ကျစ်ယွမ်ပြောခဲ့သောစကားများအား ထပ်ခါတလဲလဲ ပြန်တွေးမိလေသည်။ သူ နင်ကျစ်ယွမ်၏အခက်အခဲများကို သတိမထားမိခဲ့။

သို့သော် သူသည်လည်း ထိုအချိန်က နင်ကျစ်ယွမ်ထက် နှစ်အနည်းငယ်သာ ကြီးလေသည်နှင့် လူကြီးများ၏ထင်မြင်ချက်နှင့်သဘောထားများကို ပြောင်းလဲနိုင်စွမ်းအလျဉ်းမရှိခဲ့ပေ။ သူအမြဲယုံကြည်ခဲ့သည်မှာ နင်ကျစ်ယွမ်အား သည်းခံပေး၍ အလိုက်အထိုက်နေပေးလျှင် လုံလောက်ပြီဟု။ သို့သော်ငြား ၄င်းက လုံလောက်ခြင်းနှင့် အဝေးကြီးမှာပင်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now