41 -ပြန်လည်မွေးဖွားခြင်း-

279 51 6
                                    

စုံစမ်းစစ်ဆေးကြည့်လိုက်သည့်အခါတွင် ဟယ်လု၏ နေရာထိုင်ခင်း၌ ဟယ်ဝေးနှင့် ပတ်သတ်သည့် ဓာတ်ပုံများ အစုအပြုံလိုက် ရှိနေခဲ့ကြောင်း တွေ့ခဲ့ရသည်။

ဓာတ်ပုံအယ်လ်ဘမ်မှာ အစ မျက်နှာတွင် ညီအစ်ကိုနှစ်ယောက် တွဲရက်ပုံတွေ ဖြစ်နေပြီး တဖြည်းဖြည်း နောက်စာမျက်‌နှာများသို့ ရောက်လာလေလေ ဟယ်ဝေး တစ်ယောက်တည်း၏ ပုံများသာ ဖြစ်လာခဲ့လေသည်။ ထိုပုံများမှာ နေရာစုံ ၊ ရှုထောင့်စုံ အချိန်စုံတွင် ရိုက်ကူးထားခြင်းကြောင့် ရိုက်ကူးခံရသူ ကာယကံရှင်တောင် အခုလိုပုံများ ရှိနေမည့်အကြောင်း သိထားခဲ့လောက်မည့်ပုံမရှိချေ ။

ချန်ဇယ်ရှန်းက ထိုဓာတ်ပုံများကို စားပွဲပေါ်ပစ်ချလိုက်၏။
"မင်း ဟယ်ဝေးကို နောက်ယောင်ခံလိုက်ဖို့ သူလျှို လွှတ်ထားတာလား?"

ဟယ်လုက ၀န်ခံလာသော်ငြား ထိုလုပ်ရပ်က ကြာခဲ့ပြီးဖြစ်ကြောင်း ချေပလာခဲ့သည်။
ညီအစ်ကိုနှစ်ယောက် ကတောက်ကဆ ဖြစ်ပြီးနောက်မှာ ဟယ်ဝေးက အိမ်ကထွက်သွားပြီး တစ်ကိုယ်တည်း ခွဲနေခဲ့ရာ ဟယ်လုတစ်ယောက် သူ့အစ်ကို၏ နေ့စဉ်ဘ၀အကြောင်းကိုမှ မသိရလျှင် ရူးမတတ် ဖြစ်ခဲ့ရသည်။

စိတ်ရှုပ်ထွေးစွာ မွန်းကြပ်စွာဖြင့် ဟယ်လုတစ်ယောက် သူလျှို တစ်ယောက် ငှားကာ ဟယ်ဝေး၏ ဖြစ်ကြောင်းကုန်စဉ်ကို ထောက်လှမ်းခဲ့သည်။
နှောင်းပိုင်းမှာ ဟယ်ဝေး၏ ဘ၀က ဘာဆိုဘာမှ ထူးခြားမှု ၊အလှည့်အပြောင်းတွေမရှိဘဲ ဒုံရင်းမြဲ ဒုံရင်းဆဲ ဖြစ်ကာ သူငယ်ချင်းဆိုလို့လည်း လျန်ကျင်းယွမ် တစ်ယောက်တည်းနှင့်သာ အပေါင်းအသင်း လုပ်နေကြောင်း သိခဲ့ရသည်။ သို့နှင့် ဟယ်လုလည်း သူ၏ ၀င်ရောက်စွက်ဖက်မှုများအားလုံးကို ပယ်ဖျက်ခဲ့လိုက်တော့သည်။

".....သူက မင်းအစ်ကို..မင်း ပိုင်တဲ့ပစ္စည်း မဟုတ်ဘူး
မင်းက သူ့ကို ပုံမှန်အသိစိတ်နဲ့ ဂရုစိုက်နေတာမှ မဟုတ်ပဲ...မင်းဟာမင်း ရယူလိုစိတ်တွေပဲ ပြင်းပြနေခဲ့‌တာ‌လေ"
ချန်ဇယ်ရှန်းက ပြန့်ကျဲနေသော ဓာတ်ပုံများအား လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။
"မင်းရဲ့ လုပ်ရပ်က မင်းအစ်ကိုတစ်ယောက်တည်းကိုပဲ နာကျင်စေရတာမဟုတ်ဘဲ မင်းမိဘတွေကိုပါ ထိခိုက်စေတာ ရော သတိထားမိရဲ့လား?"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now