အပိုင်း (၃၂) နှစ်ယောက်ထဲကမ္ဘာ

2.5K 92 17
                                    

ကြိုဆိုပါ၏
.နင်မလာချင်ခဲ့. . . လမ်းခင်းလို့ပေးကာထားလည်း အနားမှာမရှိ

ရှောင်ဖယ်ကာသွားတယ်. . . လူဆိုးများတဲ့အရပ်လို့ မင်းကသတ်မှတ်ပြီး

အချိန်တန်တော့ပြန်ချစ်လိမ့်မယ် မျှော်လင့်သော်လည်း

မင်းကိုကြိုမယ့် ပန်းပွင့်တို့တောင်ခြောက်တော့မယ်

ဘာအတွက်ကြောင့် နင်ဟာဒီနေ့ထိရောက်မလာခဲ့လဲ

သူစိမ်းဆန်နေမှုများ နည်းနည်းလျော့လိုက်ပါ. . .

ငါပိုင်ထားတဲ့ဘဝက မင်းတစ်ယောက်ထဲအတွက်ရည်စူးခဲ့တာပါ

နင်မောပန်းချိန်ခိုနားဖို့ နင်လှမ်းခဲ့

လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ . . အသီးအနှံတွေ စိုက်ပျိုးထားတဲ့ ငါ့အရပ်မှာ

ငါကိုယ်တိုင်ချွေးနဲ့ရင်းပြီး မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ

ဒါကိုတဖြည်းဖြည်းတွေးလို့ နင်ချစ်တတ်သွားမှာပါ.(ဝေလ)

= = =

အချိန်က မွန်းတည့်လုချိန်. .တောတွင်းထဲမှာသစ်ရိပ်ဘယ်လောက်ထူထူ နေပျောက်ကလေးတွေကတော့ မြေပြင်ပေါ်အထိ မရရအောင် တိုးဝှေ့ပျံ့ကားစွာ ဖြာကျလျှက်. .

နေရာအတိအကျမသိပေမယ့် ဘုတ်ငှက်၊ စာကလေး၊ ကျေးကြုတ်တို့၏ အော်မြည်သံက နီးတပြန် ဝေးတလှည့်ကြားနေရသည်။

စမ်းချောင်းလေးအနီးရှိ တောအုပ်ငယ်တစ်ခုအနီးတွင် မာလကာသီးပင်တစ်ပင်ရှိသည်။ အူနီသီး မာလကာတွေ အပင်ပေါ်မှာ ဝင်းမှည့်နေပြီ၊ ပင်ယံထက်က အသီးတွေကိုတော့ ငှက်ကျေးတို့နှင့် ရှည့်တို့ ထိုးဆိတ်ကိုက်ချီစားသောက်နေကြသလို၊ ထိုမာလကာပင်မှ ကြွေကျလာသောသစ်သီးများကို ယုန်၊ ကြွက်၊ ပုရွက်ဆိတ်၊ ခါချည်ကောင်များက ကိုက်ဖြတ်စားသောက်နေကြလေသည်။

ခြုံကြားထဲတွင် ခြင်အကိုက်ခံ၊ မှက်အကိုက်ခံပြီး မလှုပ်မရဲ့ငြိမ်နေသော မယ်ဝဒီ၏မျှားဦးထိပ်ကို ပုစဉ်းရင်ကွဲလေးတစ်ကောင် လာနားလေသည်။

ရှီုး. . . . .. . ဒုတ် (မျှားပစ်သံ)

မာလကာပင်အောက်မှာ အသီးလာစားသော ယုန်ကလေးတစ်ကောင်၏ ရင်ဘတ်တည့်တည့်သို့ မျှားကထွင်းဖောက်ဝင်ရောက်သွားတော့သည်။ ယုန်ကိုမျှားစိုက်သည်နှင့် ဘေးကသတ္တဝါများ အားလုံးလည်း ပြေးမိပြေးရာသို့ထွက်ပြေးကုန်ကာ မြင်ကွင်းထဲမှတမဟုတ်ခြင်း ပျောက်ကွယ်သွားလေတော့သည်။

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now