Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၁)တစ်မနက်လုံးတက်ကြွနေတဲ့စိတ်တွေနှင့်အတူ လေးညှို့သီချင်းလေး ညည်းရင်း အခန်းသန့်ရှင်းရေးလုပ်နေ၏။မနေ့ညက အတော်လေး နောက်ကျတဲ့အထိ သက္ကရာဇ်ဦးညိုနှင့်စကားပြောဖြစ်ခဲ့သော်လည်း အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေနှင့် နိုးလိုက်အိပ်လိုက်ဖြစ်နေသဖြင့် အစောကြီးနိုးနေခဲ့ခြင်းဖြစ်သည်။
“အာ...အရုပ်...အဲ့ဆိုင်ကယ်ရုပ်လေးရှာရဦးမှာပဲ....ဘယ်နားထားမိပါလိမ့်...”
လေးညှို့ စဉ်းစားရင်း ကုတင်အောက်ပါမကျန် နှံ့နှံ့စပ်စပ်ရှာသော်လည်းမတွေ့။ ငယ်ငယ်ကဆော့ခဲ့တဲ့အရုပ်တွေထဲ မထားမိမှန်းသေချာသဖြင့် ရှာကြည့်မနေတော့။ပျောက်ချင်းမလှပျောက်သွားသော ထိုအရုပ်လေးကြောင့် လေးညှို့ ပဟေဠိဖြစ်ရတာတော့ အမှန်ပင်ဖြစ်သည်။
“ကျစ်!ဘယ်ရောက်သွားတာလဲ..”
ပြုတ်ကျနေခဲ့မှာစိုးလို့ ဆိုင်ကယ်မှာတောင်မချိတ်ထားဘဲ သီးသန့်သိမ်းထားခဲ့တာဖြစ်သည်။
နောက်ဆုံးအနေနှင့် သေချာအောင် လေးညှို့ ဘေးအိတ်တအိတ်လုံးသွန်ချပြီးရှာလိုက်သည်။ဘယ်လိုရှာရှာ မတွေ့တော့တဲ့အဆုံး ပျောက်သွားကြောင်း လက်ခံလိုက်ရတော့သည်။လေးညှို့ နှမြောတသဖြစ်နေရင်း နာရီကြည့်လိုက်ရာ
7နာရီခွဲသွားပြီဖြစ်သောကြောင့် ကုတင်ပေါ်မှအမြန်ထလိုက်ကာ ရေချိုးခန်းထဲအပြေးလေးဝင်လိုက်သည်။ရေချိုးတာ အနည်းဆုံးနာရီဝက်လောက်ကြာမှာမို့ 8:15လောက် အကုန်ပြီးဖို့မျှော်လင့်ရသည်။တွေ့ဖို့ပြောထားသည့်နေရာက အနည်းဆုံး နာရီဝက်လောက်စီးရတာမို့ မစောရင်တောင် နောက်မကျရင်တော်သေးသည်ပင်။တစ်ဖက်တွင်လည်း မနက်အစောကြီးကတည်းက အပေါ်တက်လိုက်အောက်ဆင်းလိုက် ပန်းပင်ရေလောင်းတာလိုလို တံမြက်စည်းလှဲတာလိုလိုနှင့် တစ်ယောက်ထဲ အလုပ်မရှိအလုပ်ရှာနေသော သက္ကရာဇ်ဦးညိုကြောင့် တစ်မိသားစုလုံး နိုးနေကာ သူသွားရာ လိုက်ကြည့်နေမိကြသည်။သူနိုးနေကတည်းက ဧကလေးတို့လည်းနိုးလာကာ မနက်စာတောင်မစားနိုင်သေးဘဲ လိုက်ကြည့်နေမိတာဖြစ်သည်။