Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၈)သက္ကရာဇ် မေ့မြောသွားသော ခန္ဓာကိုယ်လေးကို ထိန်းပွေ့လိုက်ကာ စိုးထိတ်မှုများစွာကြောင့် အံကိုတင်းတင်းကြိတ်ထားပြီး လေးကို ကောက်ပွေ့ကာ ပြခန်းကနေထွက်သွားဖို့ပြင်လိုက်သည်။သေချာစောင့်ကြည့်နေသည့်ကြားက ဂရုမစိုက်နိုင်လိုက်သော သူ့ကိုယ်သူခွင့်မလွှတ်နိုင်။
“ကောင်လေး စိတ်မရှိရင် ဦးအခန်းကို ခေါ်ခဲ့မလား...”
ကာနယ် သူ့ကိုမြင်တာနှင့် သတိလစ်သွားသောကောင်လေးကြောင့် စိုးရိမ်သွားရသည်။ ထို့ကြောင့် အပြင်သူစိမ်းတစ်ခါမှ အဝင်မခံခဲ့ဘူးသော သူပန်းချီဆွဲရာ သူနစ်မြုပ်နာကျင်စွာရှင်သန်နေသည့်နေရာကို ပထမဆုံးအနေဖြင့် သူစိမ်းကောင်လေးနှစ်ယောက်ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မျက်နှာကို သေချာမမြင်လိုက်ရ၍ဘယ်လိုဖြစ်သွားလဲမသိပေမယ့် လဲကျသွားပြီးနောက် တစ်ဖက်မှာရပ်နေသည့်ကောင်လေးက ချက်ချင်းကောက်ပွေ့လိုက်တာမို့ ရင်ဘတ်ထဲမြုပ်သွားသဖြင့် သူမမြင်လိုက်ပေ။ထိုအချိန် ဝှီးချဲလ်ပေါ်ကလူဆီမှထွက်လာသောအသံကြောင့် အပြင်ကိုထွက်ဖို့ပြင်နေသည့် သက္ကရာဇ် ခြေလှမ်းများရပ်သွားသည်။ဘယ်လိုပဲဖြစ်ဖြစ် လေးဘက်ကကြည့်လျှင် ရှင်းလင်းနေသောကိစ္စမှာ သူအလျင်စလိုလုပ်၍မဖြစ်။သူသဘောကျရသည့် ပန်းချီဆရာက သူ့အမေကိုထားခဲ့သည့်လူနှင့် တစ်ယောက်ထဲဖြစ်နေသောအခြေအနေက သက္ကရာဇ် ဆုံးဖြတ်လို့ရသည့်အခြေအနေမဟုတ်ပေ။ခဏမျှ တွေဝေနေပြီးနောက် သက္ကရာဇ် မလိုလားပေမယ့် ထိုလူ့နောက် လိုက်သွားလိုက်သည်။
အခန်းထဲရောက်ပြီးနောက် ဆက်တီပေါ်တွင် အသာလေးထိန်းကာ လေးကို တင်ပေးလိုက်ပြီးနောက် သံပုရာသီးအချို့ကိုပေးလာသဖြင့် သက္ကရာဇ် လက်ဖြင့်လှိမ့်ကာ ဆိတ်လိုက်ပြီးနောက် လေးနှာခေါင်းနားကပ်ပေးလိုက်ကာ ကျန်သည့်လက်တစ်ဖက်မှ နားထင်ကချွေးများကို သုတ်ပေးလိုက်သည်။ဘေးမှချထားသည့်အထဲမှ ကတ်ထူပြားအသေးတစ်ချပ်ကိုယူလိုက်ကာ လေရလိုရငြား ခပ်ပေးမိနေသည်။