Unicode🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄၀)မြန်မာနိုင်ငံသို့ပြန်ရောက်လာပြီးနောက်ပိုင်း လေးညှို့ရဲ့နေ့ရက်များက အဓိပ္ပာယ်အပြည့်ဖြင့် လည်ပတ်လာသည်ဟုထင်ရသည်။တစ်ချို့ကိစ္စများနှင့်ပတ်သက်ပြီး အပြစ်တင်စိတ်များ မရှိတော့လို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ထို့ကြောင့် မနက်ခင်းလင်းတာနှင့် ရုံးသွားဖို့ပြင်၊အချိန်ကျသည်နှင့်သက္ကရာဇ်ဦးညိုလာခေါ်တာကိုစောင့်သည်။ရုံးရောက်လျှင် ပရောဂျက်အသစ်အတွက် နည်းလမ်းကောင်းများကို ကြိုးစားရှာဖွေသည်။ညနေရုံးဆင်းချိန်ရောက်လျှင်တော့ သက္ကရာဇ်ဦးညိုနှင့်အတူ အချိန်ကုန်ဆုံးလေ့ရှိသည်။
လန်ဒန်မှာဖြစ်ပျက်သမျှကိစ္စအားလုံးနှင့်အမှန်တရားအချို့ကိုလည်း လေးညှို့ ထိုအတိုင်းပဲထားလိုက်ကာ တီသာကိုတော့ အဖြစ်အပျက်တစ်ချို့ကိုပြောပြခဲ့သည်။လေးညှို့ ရာဇ်အကြောင်းပြောပြတုန်းကဆိုလျှင် သူနောက်ဆုံးမှသိရလို့ဆို၍ စိတ်ကောက်နေပါသော တီသာကို လေးညှို့ တစ်ညနေလုံးချော့ခဲ့ရသေးသည်။ဘဝမှာ မေမေ့အစား တီသာဆီမှ အချစ်တွေပိုပိုသာသာရခဲ့တာမို့ လေးညှို့အတွက်တော့ တီသာက မွေးစားမေမေလိုမျိုးပင်ဖြစ်သည်။ထိုအကြောင်းကို ရာဇ်ကိုပြောပြတော့ ရာဇ်ကသဘောတကျပြုံးနေခဲ့ကာ တစ်ရက်ရက်ကျရင် အတူတူသွားတွေ့ကြမယ်ဆိုတော့ အနည်းငယ်တွန့်ဆုတ်သွားသူကြောင့် အစ်အောက်မေးကြည့်လိုက်တော့ သူလုံးဝမသိသေးသည့်အကြောင်းအရာတစ်ချို့ကို ဖွင့်ဟဝန်ခံလာသဖြင့် လေးညှို့ အံ့ဩရခဲ့သေးသည်။ထိုအကြောင်းအရာများကို လေးညှို့ ရုံးမဆင်းခင်အချိန်တိုလေးအတွင်း ပြန်မြင်ယောင်လာသည်။
“တကယ်တော့ မောင် လေးကိုမပြောပြရသေးတဲ့အကြောင်းအရာတွေရှိသေးတယ်..”
“အင်း ဘာများလဲ မင်းပြောပြချင်စိတ်ရှိရင် ပြောပြ..”
“လွန်ခဲ့တဲ့ ၃နှစ်ကျော်တုန်းက မောင် လေးကို ပထမဆုံးတွေ့ဖူးခဲ့တာ..“
“လွန်ခဲ့တဲ့၃နှစ်ကျော်..”
လေးညှို့ အံ့ဩစွာမေးလိုက်မိသည်။ထိုအချိန်တုန်းက သူ ပရဟိတအဖွဲ့နှင့် နယ်လှည့်ကာ အလှူခံဆင်းတုန်းကအချိန်က ဖြစ်လောက်မည်။အဲ့ဒီတုန်းက အဖွဲ့အစည်းက စတည်ထောင်ခါစဆိုတော့ လက်တွေ့နယ်လှည့်ကာ အလှူငွေရဖို့ကြိုးစားကြရသည်။အလှူရှင်မရှိ၊လူအများ၏ယုံကြည်မှုကို မရသေးသည့်အချိန်မို့ လာရောက်လှူဒါန်းသူကနည်းပါးလေးသည်။ထို့ကြောင့် လူငယ်တွေမှာ ပင်တိုင်ရန်ပုံငွေရဖို့ကြိုးစားကြသည်။နောက်တော့ အလှူရှင်တစ်ဦးပေါ်လာခဲ့ပြီး နာမည်မဖော်ပြခဲ့ဘဲ လစဉ်လတိုင်း လုံလောက်အောင် လှူဒါန်းပေးခဲ့သဖြင့် သူတို့ နယ်လှည့်ရသည်မှာရှားသွားသည်။အဲ့ဒီပုဂ္ဂိုလ်လှူပြီးနောက်ပိုင်း အလှူရှင်တွေကပေါများလာတာမို့ ရံပုံငွေအဖွဲ့က ငွေကြေးစရင်းများကို သေချာကိုင်တွယ်ကာ ဂေဟာများကို ထောက်ပံ့ပေးနိုင်ခဲ့သည်။