Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၉)Hotelခန်းထဲက ကုတင်ပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်မှီ၍ ထိုင်နေသော သက္ကရာဇ်ဦးညို မိမိပေါင်ပေါ်ခေါင်းတင်ပြီး ကွေးကွေးလေးငြိမ်နေပါသော ချစ်ရသူ၏ ဆံနွယ်လေးများကို အသာပွတ်သပ်ပေးနေမိသည်။
သူတို့ထိုလမ်းမကြီးဘေးမှာ အကြာကြီးထိုင်နေခဲ့ကြပြီး ဆရာဂျိုးဒန်ဆီမှ ဖုန်းဝင်လာပြီးနောက်ပိုင်းမှ ဟော်တယ်သို့ပြန်ခဲ့ကြခြင်းဖြစ်သည်။
တစ်နေ့ထဲနှင့် သိခဲ့ရသမျှ သတင်းတွေအကုန်လုံးက အရမ်းထိတ်လန့်စေခဲ့တာမို့ လေးလည်းအရမ်းပင်ပန်းနေပြီဖြစ်ရာ ဟော်တယ်ကိုပြန်ရောက်လာကတည်းက ဒီပုံစံအတိုင်းလေး သူတို့ငြိမ်နေမိသည်။တစ်ယောက်နှင့်တစ်ယောက် ဘာစကားမှမဆိုမိကြပေမယ့် လေးရင်ထဲ ဘယ်လိုတွေခံစားနေရမလဲဆိုတာကို သူအသေချာသိသည်။ဒီခရီးက သူ့တို့နှစ်ယောက်လုံးအတွက် ထိတ်လန့်စရာအကြောင်းအရာများကို ယူခဲ့သောကြောင့် သက္ကရာဇ် လေးကို အရမ်းစိတ်ပူနေမိသည်။အခုလိုအခြေအနေမျိုးမှာ တိတ်ဆိတ်ငြိမ်သက်နေသည့်သူတစ်ယောက်ဟာ ဘယ်လောက်ထိ နာကျင်နေရမလဲဆိုတာ သူမှန်းတောင်မမှန်းရဲ။နှစ်သိမ့်ခြင်းအရာမှာ မကျွမ်းကျင်သည့်သူမို့ သူ့အဖြစ်ဟာ လိုက်တိတ်ဆိတ်ပေးနေရုံသာတတ်နိုင်သည်။
လေးညှို့ ရာဇ်ပေါင်ပေါ်ခေါင်းတင်ပြီး ခွေခွေလေးလှဲနေရင်း အတွေးများဟာ တောင်ရောက်လိုက် မြောက်ရောက်လိုက်ဖြစ်နေသလို ဆရာဂျိုးဒန်ဆိုသည့်သူ၏ပြောစကားများကိုလည်းနားထဲပြန်ကြားယောင်လာသည်။ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးက အရမ်းမယုံချင်စရာကောင်းနေသဖြင့် လေးညှို့ မယုံကြည်ရဲ။အရေးပေါ်ကုသမှုခံယူနေရသော ထိုပုဂ္ဂိုလ်ကိုလည်း သူသွားမတွေ့ချင်ပေ။သူ့ကို ဘယ်သူမှနားမလည်နိုင်လောက်ပေမယ့် သူ့ကိုယ်သူသာနားအလည်နိုင်ဆုံးဖြစ်သည်။
အကယ်၍ အဲ့လူပြောသလိုမျိုး မေမေကိုယ်ဝန်နဲ့ကျန်နေခဲ့တာကိုမသိခဲ့ဘူး ။အဲ့ဒါကြောင့်ချက်ချင်းပြန်မလာနိုင်ခဲ့ဘူး။ပြန်လာပြန်ကျတော့လည်း လေယာဉ်မတော်တဆဖြစ်မှုကြောင့် ၃နှစ်ခန့်ကိုမာဝင်သွားတာမို့ သတိရပြီးနောက်ပိုင်း အောက်ပိုင်းသေသွားသည့်ခန္ဓာကိုယ်ကြောင့် မေမေကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်သလို ထိုသို့သောပုံစံကို မပြချင်ခဲ့သောကြောင့် မဆက်သွယ်ဖြစ်ခဲ့တာဟုဆိုသည်။ဒါဆို မေမေနဲ့အဲ့လူက ပြန်သွားပြီးကတည်းက အဆက်အသွယ်ပြတ်ခဲ့တာဖြစ်ပြီး အစမှအဆုံး ဒီကိစ္စမှာ အပြစ်ရှိဆုံးက သူဖြစ်နေခဲ့သည်ထင်၏။သူသာမရှိခဲ့လျှင် အဲ့လူပြန်မလာနိုင်ခဲ့ရင်တောင် မေမေ့ဘဝလေးက လှလှပပလေးရှင်သန်နိုင်နေလောက်ဦးမည်ဟုအတွေးဝင်လာရသည်။