Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄၁)လေးညှို့တို့ ရာဇ်အိမ်ကိုရောက်တော့ ကြားလိုက်ရသည့် ရယ်မောသံများကြောင့် ဧည့်သည်တွေရောက်နေတာလားဟုတွေးမိကာ အိမ်ထဲဝင်ဖို့တွန့်ဆုတ်သွားသည်။လူတွေအများကြီးရှိနေတယ်ဆိုလျှင် သူ၏ပေါင်းသင်းဆက်ဆံရေးစကေးသိပ်မကောင်းတာကြောင့် လူကြီးတွေ သက္ကရာဇ်ဦးညိုကောင်လေးကရိုင်းပြတယ်ဟုထင်သွားမှာမျိုး မလိုချင်ပေ။
“အာ မောင် ပြောဖို့မေ့နေတာ...ကမ္ဘာရဲ့မိသားစုနဲ့ဦးဦးလင်းမိုရဲ့မိသားစုတွေ ကိုကိုတို့လက်ထပ်ပွဲအတွက် ညနေကပဲ အိမ်ကိုရောက်နေကြတယ်...”
“ဟုတ်လား လက်ထပ်ပွဲက အိမ်မှာပဲလုပ်မှာမလား ဘုန်းဘုန်းတွေ ဆွမ်းကပ်တာဘာညာနဲ့ဆိုတော့ အခုကတည်းက ကြိုစီစဉ်ထားရမှာပဲ...အကုန်လုံးက အလုပ်ရှုပ်နေကြမှာဆိုတော့ ကိုယ်အားနာနေတာ...”
“မအားနာရပါဘူးဗျာ ....မောင့်မိသားစုက လေးမိသားစု။ မောင့်ဆွေမျိုးတွေကလည်း လေးဆွေမျိုးတွေပဲ ကိစ္စမရှိဘူး မောင့်လေး အဆင်ပြေသလို နေလို့ရတယ်...”
“အင်း ! ဒါနဲ့ ကိုယ်တို့ဝယ်လာတဲ့ ဖက်ထုပ်က ဧည့်သည်တွေနဲ့ဆိုတော့ နည်းများနည်းနေမလားမသိဘူး တစ်ခေါက်ပြန်သွားဝယ်ကြမလား...'
လေးညှို့ လက်ထဲမှ ပါဆယ်အိတ်လေးကိုမြှောက်ပြကာ မေးလိုက်သည်။ဧည့်သည်တွေရှိနေမယ်လို့ မထင်ထား၍ ပုံမှန် မိသားစုပွဲပဲ ဝယ်လာခဲ့တာဖြစ်သည်။“ကိစ္စမရှိပါဘူးဗျာ လေးစိတ်ချနော် လောက်တယ် လူကြီးတွေကစားမှာမဟုတ်ဘူး...ဘေဘီလင်းမိုနဲ့စောနန်းသက်လျာရယ်ဆိုတော့ ကလေးက နှစ်ယောက်ပဲရှိတာ...”
တစ်ခေါက်ပြန်ဝယ်တဲ့အချိန် ဧည့်သည်တွေနဲ့မို့ ကိုယ်ပြန်တော့မယ်ဟုပြောလာမှာစိုးသဖြင့် သက္ကရာဇ် အမြန်ပြောလိုက်သည်။ စတောင် မစရသေးသည့် သူ့အကြံအစည် ပျက်လို့မဖြစ်ပေ။"အွန်း အွန်း အဲ့ဒါဆိုလဲ ဝင်ကြမယ်လေ...”
လေးညှို့တို့ ဧည့်ခန်းထဲရောက်တော့ လှည့်ကြည့်လာသည့် လူများကြောင့် အနည်းငယ်လန့်သွားရသည်။