Unicode🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၆)နှစ်ပြည့်ပွဲမှာ တစ်နေ့လုံးနေပြီးတော့ ကိုယ်စားလှယ်တစ်ချို့နှင့် ရုံးဝန်ထမ်းတစ်ချို့တို့လည်း ခဏတဖြုတ်ပြန်ပြီး အနားယူကြသည်။ညစာစားပွဲက၈နာရီစမှာဖြစ်သည့်အတွက် ညပိုင်းကဲဖို့ အကုန်လုံးအားအပြည့်ရှိနေဆဲဖြစ်သည်။
လေးညှို့မှာလည်း တစ်နေ့လုံးနီးပါး သက္ကရာဇ်ဦးညိုတို့ မိသားစုနှင့် အတူနေလိုက်ရသည်။မိသားစုဝိုင်းဖြစ်လို့ ထွက်သွားဖို့ ဆင်ခြေအမျိုးမျိုးရှာပေမယ့် ပါးပါးနှင့်ဒယ်ဒီ၏ မေးခွန်းတွေကြားထဲ တောင်းဆိုသလို တောင်းပန်သလို အားနာနေသည့် သက္ကရာဇ်ရဲ့အကြည့်တွေကြားထဲ မသွားနိုင်ဘဲ ဆက်ထိုင်နေမိခြင်းဖြစ်သည်။တစ်ဝိုင်းကျော်မှသူ့အား ခြေဟန်လက်ဟန်ဖြင့် မေးမြန်းနေပါသော စိုင်းပြည့်စုံကိုလည်း မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။စိုင်းပြည့်စုံတင်မကဘဲ တစ်ရုံးလုံးကလည်း သူ့အား မေးခွန်းအပြည့်ဖြင့် ကြည့်နေမည်ဆိုတာ သူ ခန့်မှန်းမိသည်။
အရမ်းသွက်လွန်းသဖြင့် နည်းနည်းလေး အမြင်ကတ်မိသော မင်းမြတ်ဧကဦးမာန်နှင့်ပတ်သက်၍လည်း သူ၏အမြင်များပိုကောင်းလာသည်။အမြင်ကတ်သည်ဆိုသည်မှာလည်း ရုံးကိုရောက်လာတိုင်း အကြောင်းအမျိုးမျိုးရှာပြီး သူ့အားလာရှုပ်တတ်သောကြောင့်ဖြစ်သည်။အခုလို စကားပြောကြည့်တော့လည်း အကြိုက်ချင်းတူ ထင်မြင်ချက်များတူနေတတ်သဖြင့် ထင်သလောက် အမြင်မကတ်မိတော့။
ဒယ်ဒီနှင့်ပါးပါးတို့က ညနေ၃နာရီလောက်မှပြန်သွားသည်ဖြစ်သောကြောင့် လေးညှို့လည်း စိုင်းပြည့်စုံကိုခေါ်ပြီး အိမ်ခဏပြန် အနားယူဖို့လုပ်လိုက်သည်။
ခန်းမထဲက သူထွက်သွားတာမြင်သည်နှင့် စိုင်းပြည့်စုံလည်း လိုက်ထွက်လာကာ လေးညှို့ရှေ့ပိတ်ရပ်လိုက်သည်။
“မင်းဘယ်ပြေးဖို့စဉ်းစားနေတာလဲ...”
“ဘာတွေလာပြော...”
“ငါတစ်နေ့လုံး မင်းကိုစောင့်ကြည့်နေတာ လေးညှို့စိမ်း...မင်း ငါ့ကို တစ်ခုထက်မက ရှင်းပြစရာတွေ ရှိမနေဘူးလား....”