ရာရာတစ်ယောက် သူရိန်မွေးနေ့ပွဲသွားဖို့ ပစ္စည်းတွေပြင်ဆင်နေသည်။
"ရာရာတစ်ယောက်အခန်းထဲကနေ မနက်ကတည်းကမထွက်လာပါလား"
"သူရန်ကုန်သွားဖို့ပြင်ဆင်နေတာထင်တယ် အန်တီ"
"အင်းလေကွယ် သူလဲရန်ကုန်မြို့ကြီးကို သံယောဇဥ္ရှိသေးတယ်နဲ့တူပါတယ်ကွယ်"
ဒီနေ့က ဖွင့်ရက်ဆိုပေမယ့် ရာရာခွင့်ယူထားသည်။
သောကြာနေ့လောက်ကတည်းက ရန်ကုန်ကိုသွားမှာမို့လို့ဖြစ်သည်။"ကြီးဇင်ရေ ကြီးဇင်"
"ဟော ဘယ်သူများလဲကွယ်"
"ကျွန်တော်ပါ အုပ်ကြီးတူပါ"
အန်တီဇင်လဲ လှေကားကနေဆင်းကြည့်လိုက်တော့
ငှက်ပျောပွဲအုန်းပွဲတွေနဲ့ ရွာလူကြီးတို့မိသားစုကိုတွေ့သည်။"ဪလူကြီးတွေလဲပါတာပဲ ကြွပါရှင် ကြွပါ"
ငှက်ပျောပွဲအုန်းပွဲတွေကိုင်ထားတာ ဝတ်ထားတာတွေကလဲ မိန်းမပဲလာတောင်းသလိုလိုနဲ့မို့ မင်းသွေးမျက်မှောင်ကြုတ်မိသည်။
ဧည့်ခန်းထဲမှာ ဖျာခင်းပေးပြီး အန်တီဇင်က ရေနွေးကြမ်းချပေးလိုက်သည်။
"ဆရာမလေးရောရှိလား အမ"
"ရှိပါတယ်ရှင့် သမီးရေ"
ရာရာလည်း လူသံတွေကြားတာကြောင့် အိပ်ခန်းထဲကနေ အလျင်မြန်ထွက်လာပြီး အန်တီဇင့်ဘေးမှာထိုင်လိုက်သည်။
ရာရာ့ဘေးမှာတော့ မင်းသွေးကဝင်ထိုင်သည်။"ဘာကိစ္စများလဲရှင့် ကျောင်းမှာတစ်ခုခုဖြစ်လို့လား ဥက္ကဌကြီး"
"မဟုတ်ပါဘူးဗျာ အခုလာတဲ့ကိစ္စက ပြောရမှာတော့အားနာပေမယ့် ကျွန်တော်တို့ တူက ဟောဒီက ဆရာမလေး ကို မေတ္တာမျှနေလို့တဲ့လေ အဲ့တာဆရာမလေးကလဲ သမီးမိန်းကလေးအပျိုလေးဆိုတော့ သားရေးသမီးရေး ဆွေးနွှေးရအောင်လို့ပါ"
"ရှင်"
ရာရာကိုယ်တိုင်တောင်အံ့ဩသွားသည်။
ရာရာ့ကို သူ့တူက သဘောကျသလိုလိုရှိပေမယ့်ချက်ချင်းကြီးဒီလိုလုပ်မယ်လို့လဲမတွေးထားမိပါ။