သင်္ကြန်ပြီးသွားတော့ရာရာ့မှာ ထွေထွေထူးထူးလုပ်စရာရယ်လို့မရှိ။
အဖေနဲ့အမေနဲ့ဘုန်းပြည့်စုံရယ်ကတော့ အမျိုးတစ်ယောက်ဆုံးလို့ လိုက်သွားကြသည်။
ရာရာတို့လဲလိုက်ရမှာပေမယ့် မမက အလုပ်ရှိသေးလို့ ရာရာက အဖော်အနေနဲ့ မမနဲ့နေခဲ့ရသည်။
မမအလုပ်သွားတဲ့ချိန်တွေဆို ရာရာတစ်ယောက်ထဲတံခါးပိတ်ပြီးနေရသည်။
ကိုယ့်လမ်းကိုယ့်ရပ်ကွက်မို့ အန္တရာယ်တော့သိပ်မများပါ
ရာရာသတိရတိုင်း ဘေးအိမ်ကိုလှမ်းကြည့်ပေမယ့် သူ့အရိပ်ယောင်တော့လုံးဝမတွေ့ပါ
ရာရာစောစောနိုးတဲ့တစ်ရက်ကတော့ သူ့ကားထွက်သွားတာကိုတွေ့သည်။
ဒီလူကြီးဘာတွေလုပ်နေလဲဆိုတာ ရာရာသိပ်သိချင်မိသည်။
ရာရာဘာလုပ်ရမှန်းမသိတော့ သူငယ်ချင်း ကြည်ဖြူတို့အိမ်ကိုပဲခြေဦးတည်ရတော့မည်။
" အမယ်လေး ဒေါ်ညွှန်းဖွဲ့ရာ ထူးထူးဆန်းဆန်းပါလား ဘာကိစ္စရှိလို့လဲ"
" ကိစ္စရှိမှလာရမှာလား သူစိမ်းတွေမှမဟုတ်တာကို ဝမ်းနည်းသွားပြီကြည်ဖြူရာ "
" သင်္ကြန်ပြီးကတည်းကနင်ပျောက်နေလို့လေ "
" ဟုတ်တယ် အိမ်မှာဘဲနေနေတာ "
" ဒါနဲ့ ဟိုကောင်လေးမပါပါလား "
" ငါ့ဦးလေးဆုံးလို့ အမေတို့နဲ့ပါသွားတယ် "
"ဒါဆိုအိမ်မှာနင်တစ်ယောက်ထဲလား "
" မမရှိတယ်လေ သူနဲ့တူတူနေခဲ့တာငါက"
" အော် အဲ့လို "
" အေးဟုတ်တယ် ဒါနဲ့လေ ငါ့ရင်ထဲမတင်မကျဖြစ်နေတာရှိတယ်"
"ဘာလဲပြောလေ"
" လူတစ်ယောက်ကို သဘောကျတာမျိုးစိတ်ဝင်စားတာမျိုးကဘယ်လိုလဲ "
" ဘာလဲ နင်က crush ရှိနေပြီလား ငါ့ကိုတောင်မပြောဘူးနော် "
" မဟုတ်ပါဘူး တွေ့နေကျလူကိုမတွေ့ရတော့ ရင်ထဲတစ်မျိုးကြီးဖြစ်နေလို့ "