[၂၀] ချစ်ကံခေ/ ခ်စ္ကံေခ

140 15 3
                                    

ဘယ်လိုမှလည်း ပြောမရသဖြင့် သီအိုက လေပြေ့ကို စားပွဲခုံမှာ ငြိမ်ငြိမ်ထိုင်နေခိုင်းဖို့သာ စီစဥ်လိုက်ရတော့သည်။ လေပြေက သူ့လက်နှစ်ဖက်ကို စားပွဲပေါ်မှာ တင်ထားပြီး ခေါင်းကိုငုံ့ကာ ငြိမ်သက်နေလေသည်။ ဝါကျန့်သော မီးအလင်းရောင်က လေပြေ့ပါးပြင်ပေါ်သို့ စောင်းကျနေ၏။ ဧည့်ပါးနေချိန်ဖြစ်တာကြောင့် သီအိုလည်း လေပြေနဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်သည်။

စားပွဲပေါ်မှာရှိတဲ့ ခေါက်ဆွဲပန်းကန်လေးကို လေပြေ့ရှေ့ကို တိုးပေးလိုက်တော့ လေပြေက ခေါင်းခါသည်။ သီအိုက 'မင်း ညနေက ဘာမှ မစားထားဘူးမလား' ဟု အမူအရာဖြင့် ပြလိုက်သည်။ လေပြေက မတုန်မလှုပ်ပါပင်။ လေပြေ သည်လိုမျိုး အိမ်ကနေ တစ်ခါမှ ထွက်မလာဖူးတာ သီအို အသိဆုံးပါ။ ဒီကို လေပြေတစ်ယောက်တည်း ထွက်လာတာကလည်း သီအို့အတွက် အံ့သြစရာ ... ။ စားပွဲတွေကြားမှာ ဝင်ထွက်သွားလာသော သီအို့ကို လေပြေ မြင်လိုက်တုန်းက လေပြေ့ရဲ့ မျက်လုံးလေးတွေမှာ ငွေ့ရည်ဖွဲ့ကာ ရုတ်တရက် ရွာချလိုက်တော့မည့် တိမ်စိုင်လေးတွေလို မျက်ရည်တွေ ယိုစိမ့်နေခဲ့၏။

သီအို လေပြေ့အနားသို့ ပြေးသွားလိုက်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းတော့ လေပြေက စိတ်တွေလှုပ်ရှားကာ တုန်ယင်သော လက်တွေကို သူ့မျက်နှာပေါ်မှာ နေရာအနှံ့ ဖြတ်ပြေးပြီး သူဖြစ်ခဲ့တာတွေကို ပြောပြသည်။ လည်ချောင်းဝ,တွင် တစ်နေသော 'အွာ ... အွာ' ဟူသည့် အသံကလေးကလည်း သီအို့ကို ကရုဏာသက်စေပါသည်။

လေပြေ သူ့မိဘတွေနှင့် ပြဿနာတက်လာခြင်းဖြစ်မည်။ သူ့အမူအရာတွေကို ကြည့်ပြီး သီအို နားလည်မိသည်ကတော့ မိဘတွေက သူ့အပေါ် ယုံကြည်မှု မရှိဘူး၊ သူမလုပ်နိုင်ဘူးလို့ အမြဲထင်နေတယ်၊ သူ့ကိုယ်သူ သာမန်လူတစ်ယောက်လို မခံစားရဘူး၊ သူ့ကို နားမလည်ကြဘူး တဲ့။ သီအိုက စိတ်မကောင်းစွာ ငေးကြည့်ရင်း ခေါက်ဆွဲပန်းကန်လေးကိုသာ အရှေ့သို့ တွန်းပို့နေမိသည်။

နောက်ဆုံးတော့ လေပြေလည်း မငြင်းတော့ဘဲ ခေါက်ဆွဲပန်းကန်ထဲ ခေါင်းစိုက်ကာ ငုံ့စားတော့သည်။ စားနေရင်းလည်း မျက်ရည်တွေက စီးကျနေသေး၏။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now