[ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မတော်တဆမှုများ ပါဝင်သဖြင့် အသက်မပြည့်သေးသူများ ဖတ်ရှုရန် မသင့်လျော်ပါ။]
***
လမ်းဘေးမှာ စီတန်းပေါက်ရောက်နေသော အပင်ကြီးများမှာ မိုးရိပ်ဖြင့် အမှောင်ကျလျက် ... ။ အကိုင်းအခက်ကြီးတွေက လေပြင်းမှာ ယိမ်းထိုးလှုပ်ရှားနေပုံမှာ အသည်းငယ်သူအဖို့ ကြောက်မက်ဖွယ်ရာ ... ။ မိုးရေစက်များ လမ်းမပေါ် မကျလာသေးသည့်တိုင် အနောက်တောင်အရပ်မှာတော့ မည်းမှောင်သော တိမ်ထုကြီးထဲမှ လျှပ်စီးရောင်တွေက ပြက်ခနဲ ပြက်ခနဲ လက်နေသည်။ သည်ပုံအတိုင်းဆိုလျှင် ညစျေးကို ဒီည သွားရတော့မည် မဟုတ်ဟု တွေးရင်း သီအိုသည် သိုးခြံမှ ပြန်လာခဲ့၏။ အသက်ပြည့်ခါနီးပြီဖြစ်တာကြောင့် သီအိုက ဦးထင်ကို ခွင့်တောင်းပြီး ညစျေးမှာ အလုပ်ပြန်လုပ်နေပြီဖြစ်သည်။
သည်နေ့က ၂၄ ရက်နေ့ ... ။ တစ်နည်းအားဖြင့် ပြောရလျှင် သူ့ရဲ့ ၁၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုနေ့ပေါ့။
သီအိုသည် အနောက်ဘက်ကောင်းကင်က မိုးတိမ်မည်းမည်းတွေ တက်မလာခင် အိမ်ပြန်ရောက်စေရန် စက်ဘီးကို ခပ်သွက်သွက်ကလေး နင်းလာခဲ့၏။ လမ်းဘေးဝဲယာက စျေးဆိုင်တန်းကလေးတွေကလည်း မိုးမလာခင် သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းနေကြသည်။ လောကသည် စောစောစီးစီး နေဝင်သွားသလို ခံစားချက်မျိုးကို မြို့လေးအပေါ် ချန်ထားရစ်ခဲ့ပြီး အမှောင်ကို ဖြန့်ကျက်လွှမ်းခြုံထားခဲ့သည်။
ကားလမ်းပေါ်မှာ လူသွားလူလာ သိပ်မရှိပါ။ တစ်ခါတရံမှ ဆိုင်ကယ်တစ်စီးတလေ ဖြတ်သွားတတ်၏။ မည်သို့ပင် ရှင်းလင်းနေပါစေ သီအိုက လမ်းဘေးမှာသာ ကပ်ကာ စက်ဘီးနင်းလာခဲ့၏။ သို့သော် သူထင်ထားသလို ဘေးအန္တရာယ်မှ မလွတ်ခဲ့ပါ။
ဆိုင်ကယ်ဦးထုပ်ရဲ့ အမည်းရောင်မှန်ကို ချပြီး ဆောင်းထားသောလူက တစ်စုံတစ်ခုကို အလျင်လိုနေဟန် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားပြီး သီအို့ရဲ့ စက်ဘီးနောက်က ခြေတင်ခုံလေးကို ပွတ်တိုက်ဆွဲသွားတာကြောင့် စက်ဘီးက ယိုင်ကာ လဲကျသွားတော့သည်။ ကျောင်းယူနီဖောင်းကို ဝတ်ထားတာ ဖြစ်လို့ သီအို ဝတ်ထားတဲ့ ဘောင်းဘီလေးက ဒူးအထက်ကို လက်ငါးလုံးလောက် လွတ်နေသည့် အတိုလေး ... ။ သည်တော့ လမ်းမပေါ်သို့ ဒူးထောက်ကျသွားသောအခါ ဒူးနှစ်ဖက်လုံး ပွန်းသွားပြီး ပွန်းရာကနေ သွေးတွေ စိမ့်ထွက်လာသည်။ သီအိုက မောင်းထွက်သွားသောလူကို လှမ်းကြည့်တော့ ဆိုင်ကယ်နောက်မြီးလေးကိုသာ တွေ့ရတော့၏။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။