[၁၂] အတိတ်ပန်းချီကားချပ်သို့/ အတိတ္ပန္းခ်ီကားခ်ပ္သို႔

170 20 4
                                    

မတ်လ၏ ပူပြင်းသော နေရောင်အောက်တွင် မြို့သည် သစ်လွင်တောက်ပစွာ အသက်ဝင်လှုပ်ရှားနေ၏။ နေရောင်သည် ပြတင်းဆီမှ ပူပြင်းစွာ ထိုးကျလာတော့မှ လင်းဗရိုစ်သည် အိပ်ရာမှ ငေါက်ခနဲ ထ ထိုင်လိုက်ပြီး နားထင်ကို လက်ဖြင့် ဖိထားလိုက်မိသည်။ အိပ်ရာထ နောက်ကျ၍ပဲလားမသိ၊ ခေါင်းထဲတွင် ရိပ်ခနဲ မူးဝေနေပြီး ငြီးစီစီနှင့် ဖြစ်နေ၏။ သူသည် ကိုယ်ပေါ်မှ စောင်ကို ဆွဲခွာလျက် အိပ်ရာပေါ်မှ ကုန်းရုန်း ထ,လိုက်ပြီး ပြတင်းပေါက်ရှေ့မှာ ငြိမ်သက်စွာ ထိုင်နေမိသည်။

ဘာရယ်လည်း မဟုတ်။ သည်အတိုင်း ငြိမ်နေမိတာ အကြာကြီးဖြစ်သည်။ မနက်အိပ်ရာ နိုးလာလျှင်လည်း ရင်ထဲမှာ လှိုက်ဟာ၊ နေ့ခင်းမှာလည်း နေရတာ အဆင်မပြေလှ၊ ကိုယ်လက် မအီမသာနဲ့ မသွားချင်၊ မလာချင်၊ မလှုပ်ချင်သလိုမျိုး လူက နုံးခွေနေ၏။

မနေ့ညတုန်းကဆိုလျှင်လည်း သည်နေရာမှာပဲ လထွက်ချိန်ကို တမေ့တမြော ထိုင်ကြည့်ရင်း ငြိမ်နေခဲ့၏။ သူ လွမ်းဆွတ်တသစွာ ကြည့်နေခဲ့သော လသည် အချိန်နာရီ အတော်ကြာပြီးမှ သီအိုရှိရာ ကမ္ဘာ့တစ်ဖက်ခြမ်းသို့ ရောက်သွားလိမ့်မည်။ အဲသည်အခါ သီအိုကရော သည်လိုပဲ လထွက်ချိန်ကို စောင့်ကြည့်မှာလား။ သီအို့ထံမှာ သာသော လသည် ခရမ်းရောင်ပန်းခင်းကြီးထဲက ထွက်ပေါ်လာမှာဖြစ်ပြီး သူ့ဆီက လကတော့ အထပ်မြင့် အဆောက်အဦတွေကြားက တိုးထွက်လာခဲ့ရမည်ဖြစ်သည်။ ကမ္ဘာ့တစ်ဖက်ခြမ်းဆီတွင် သီခြားစီရှင်သန်နေရသော သူတို့နှစ်ယောက်အတွက် တူညီစွာ မြင်ရသော မြင်ကွင်းဟူ၍ လတွေ၊ ကြယ်တွေသာ ရှိလိမ့်မည်။

လင်းဗရိုစ်သည် မာဆေးမှ ထွက်လာခါနီးတွင် သီအို့ထံမှ စကားပေါင်းများစွာကို မျှော်လင့်တကြီး စောင့်စားခဲ့၏။

"ကျွန်တော့်ကို ချစ်ခဲ့လား" ဆိုတာမျိုးဖြစ်ဖြစ် ... ။ "ဘယ်အချိန်အထိ ဆက်ချစ်သွားမှာလဲ" ဆိုတာမျိုးဖြစ်ဖြစ် ... ။ အဲဒီလိုသာဆိုလျှင် "ကိုယ့် မျက်လုံးကနေ အလင်းရောင်တွေ ရုတ်သိမ်းပြီး အသက်နဲ့ ခန္ဓာ ကွဲကွာသွားတဲ့အထိ၊ အဲဒီအချိန်အထိ သီအို့ကို ချစ်နေမှာ" လို့ ပြန်ဖြေလိုက်မှာပဲ။ သို့သော် သီအို့ထံမှ သူ ရခဲ့သည်က ဥပေက္ခာတွေသာ ဖြစ်သည်။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now