139 17 5
မြက်ပင်ရှည်တို့၏ ထိပ်ဖျားဆီမှာ နှင်းရည်ဥကလေးတွေ ခိုတွဲနေတာကြောင့် မြက်ခင်းပြင်ပေါ်သို့ ထိုင်ချလိုက်ချိန်မှာ အေးမြသော အထိအတွေ့ကို ခံစားလိုက်ရသည်။ အနောက်ဘက်ကောင်းကင်ဆီသို့ နိမ့်ဆင်းသွားပြီဖြစ်သော နေလုံးသည် ပတ်ဝန်းကျင်၌ အလင်းတစ်ပြောက်မှ ချန်မထားခဲ့ပေ။ အမှောင်ရိပ်ဖြင့် မှုန်ရီဝိုးတဝါးမြင်နေရသော ပတ်ဝန်းကျင်တွင် ခပ်လှမ်းလှမ်းမှ ဇီဇဝါရုံကြီးရှိ ပန်းပွင့်ဖြူကြီးများက စွင့်ကားနေကြလေသည်။ အမှောင်လွှမ်းခြုံသော အဖြူ ... ။ အမှောင်သည် အဖြူကို အလုံးစုံ မလွှမ်းခြုံနိုင်ပါလား။ နွန်သည် ပန်းပွင့်ကြီးများကို ငေးကြည့်နေရင်း သူ့ဘဝကို ဤပန်းပွင့်ကြီးများနှင့် နှိုင်းယှဥ်ကြည့်မိသည်။ သူ့ဘဝထဲသို့ အမှောင်သည် တစ်စပြီးတစ်စ ချဥ်းနင်း ဝင်ရောက်လာခဲ့၏။ သို့သော် သူက အဖြူဟုတ်ပါရဲ့လား။ မည်သို့ပင်ဆိုစေ အမှောင်သည် သူ့ဘဝတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။
"ဒါဆို အစ်ကိုက သန်ဘက်ခါဆို ချင်းရိုင်ကို သွားတော့မှာပေါ့"
နွန်က ဉာဏ်လင်းဘက်ဆီသို့ ခေါင်းစောင်းကြည့်ရင်း ခပ်တိုးတိုး မေးလိုက်သည်။ ဉာဏ်လင်းက သက်ပြင်းကို ခပ်လေးလေး ချ၏။
"ဟုတ်တယ် နွန်၊ ကိုယ် မိဘတွေနဲ့အတူ ဆက်နေလို့ အဆင်မပြေဘူး၊ ချင်းရိုင်မှာ ဖေဖေဖွင့်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ရှိပြီး ဦးစီးလုပ်ကိုင်ပေးမယ့်သူ မရှိတော့ ကိုယ် သွားပြီး လုပ်ပေးရမယ်၊ နောက်ပြီး ကိုယ် စီစဥ်ထားတာက နွန့်ကိုပါ အဲဒီဘက်ကို ခေါ်သွားပြီး အဲဒီဆိုင်မှာ အလုပ်တစ်နေရာ ပေးထားမယ်လို့"
နွန်သည် ဉာဏ်လင်းကို ခပ်တွေတွေလေး ငေးကြည့်နေမိပါသည်။ သူမသည် ဘဝတွင် ဉာဏ်လင်းအပေါ် သည်လောက်အထိ မှီခိုနေမိပြီလား။ သူမဘဝမှာ ဉာဏ်လင်းက ဘယ်လောက်အတိုင်းအတာအထိများ နေရာယူပြီးနေပါပြီလဲ။ တကယ်ဆိုလျှင် သူက သူစိမ်းတစ်ယောက်ပဲ မလား။ ဘာလို့များ သည်လောက်အထိ ကူညီပေးနေသလဲ သူမ နားမလည်နိုင်ပေ။
"အစ်ကို ကျွန်မအတွက် ဘာလို့ အဲဒီလောက်အထိ စဥ်းစားပေးနေတာလဲဟင်၊ ဟို ... ညီမက ဟိုလိုသဘောနဲ့ ပြောတာမဟုတ်ပါဘူး၊ ဘာလို့များ ဒီလောက်အထိ ကူညီပေးနေတာလဲ သိချင်လို့"
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now