သီအို့ရဲ့ အမည်းရောင် ညှပ်ဖိနပ်အပါးလေးကို စီးလာသော ခြေအစုံသည် ကျောင်းကော်ရစ်တာတွင် ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းလာ၏။ တည်ငြိမ်လှသော ဤခြေလှမ်းတွေတွင် စာမေးပွဲအခန်းထဲမှ ထွက်လာသည့် ကျောင်းသားတစ်ယောက်၏ စိတ်လှုပ်ရှားမှုကို စိုးစဥ်းမှ မခံစားရ ... ။ သီအို့ဘေးနားမှာတော့ ကျောင်းသား၊ ကျောင်းသူတချို့၏ တီးတိုးစကားသံတွေက ကော်ရစ်တာမှာ လွင့်ပျံနေသည်။
"ဟယ် ... အဲဒါကို ငါ မှားဖြေလာတာ"
"ဟယ် ... ငါရော၊ သွားပါပြီအေ"
သီအိုက အခန်းတစ်ခုရှေ့မှ ခုံတန်းလေးသို့ ရောက်သောအခါ ခဏထိုင်လိုက်ပြီး လက်က နာရီကို တစ်ချက် ငုံ့ကြည့်မိသည်။ ဒီနေ့ ဦးဦးဉာဏ်လင်း မြန်မာကနေ ရောက်မည့်နေ့ပင်။ တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲနောက်ဆုံးနေ့လည်း ဖြစ်နေ၏။
"ဟိတ် ... ဖြေနိုင်လား"
သူ့ဘေးနားသို့ လာ ကပ်ထိုင်ရင်း ပြောလိုက်သော စကားသံကြောင့် သီအိုက ခေါင်းမော့ကြည့်လိုက်သည်။ သီအိုတို့ အတန်းထဲမှ ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။ သီအိုနဲ့ သိပ်ပြီး ရင်းနှီးလှသည် မဟုတ်။ အင်းလေ ... သီအိုနဲ့ ရင်းနှီးတာဆိုလို့လည်း 'လေပြေဦး' လို့ခေါ်တဲ့ မြန်မာက ကောင်လေးတစ်ယောက်ပဲ ရှိတာ ... ။ ဒါတောင် လေပြေက ဆွံ့အနားမကြားလေးမို့ သူနဲ့ ပေါင်းလို့ရတာ ဖြစ်၏။ မဟုတ်ရင် တခြားသူတွေလို အရည်မရ အဖတ်မရတွေ ပြောတာနဲ့ ပေါင်းရပါ့မလား မသိပါ။ အခုလည်း သူ လေပြေနှင့်အတူ အိမ်ပြန်ရန် လေပြေ့ကို သည်ခုံတန်းပေါ်ကနေ စောင့်နေခြင်းဖြစ်၏။ လေပြေက ဘာပဲလုပ်လုပ် အင်မတန် နှေးကွေးလှသည်ဟု သီအိုထင်သည်။
"ဖြေနိုင်လား ... "
သီအိုက ပြီးစလွယ် ခေါင်းညိတ်ပြလိုက်တော့ ကောင်မလေးက နှုတ်ခမ်းလေး ဆူပုပ်သွားသည်။ မတတ်နိုင် ... ။ လူမှုရေးတုံးတာမျိုး မဟုတ်ပေမဲ့ အကြောင်းမရှိဘဲ မဆက်ဆံချင်။ သူက ကိုယ့်ဆိုင်ကို လာဝယ်နေကျ ဖောက်သည်ဆိုလျှင်တော့ တစ်မျိုးပေါ့။ သီအို သူ့ဘာသူ တွေးပြီးမှ ရယ်ချင်သွားသည်။ သီအို့ခေါင်းထဲမှာ Customer တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ အသိပဲ လွှမ်းမိုးနေသလားမသိ။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။