[၂၄] အဆုံးရဲ့ အစ/ အဆုံးရဲ႕အစ

151 19 3
                                    

ပြင်သစ်နိုင်ငံ၊ မာဆေးမြို့။

အရာအားလုံးကို တစ်ကနေ ပြန်စ,မည်ဟု သီအို တွေး၏။

သူ့မှာရှိသည့် အင်္ကျီအဟောင်းတွေ အကုန်လုံးကို ဘန်ကောက်မှာ ထားခဲ့သည်။ အရင်လို ခြေမျက်စိဖုံး ဘောင်းဘီရှည်တွေ မဝတ်တော့ ... ။ သေသပ်သော ရှပ်လက်ရှည်တွေကိုလည်း မဝတ်တော့ ... ။ စိတ်ရှုပ်သဖြင့် အမြဲလိုလို လှန်သပ်ထားခဲ့သော ဆံပင်တွေကိုလည်း နဖူးပေါ်သို့ ခပ်အုပ်အုပ်ကလေး ချထားလိုက်သည်။ ပေါ့ပါးလွတ်လပ်သော ဒူးအထက် ဘောင်းဘီအတိုလေးများကို ရောင်စုံဝယ်လိုက်၏။ တံတောင်ဆစ်အထိ ဝဲကျနေသော လက်ကျအင်္ကျီပွပွလေး များကိုလည်း နှစ်သက်တတ်လာသည်။

မာဆေး၏ နက်ရှိုင်းစွာ တောက်ပ ပြာလဲ့သော ပင်လယ်ပြင်သည် သီအို့အတွက် စိတ်အပန်းပြေရာ နေရာတစ်ခု ဖြစ်ခဲ့၏။ အစ ပထမ သီအိုတို့ တည်းသည့် ဟိုတယ်က မြေထဲပင်လယ်ကမ်းခြေနှင့် တစ်ဆက်တည်းမို့ သဘာဝနဲ့ တသားတည်းလို ခံစားရသည်။ အခန်းထဲကနေ လှမ်းမြင်ရသော ပင်လယ်ပြင်ကို ရှုထောင့်မျိုး စုံမှနေ၍ ဆေးအမျိုးမျိုး စပ်ကာ ပန်းချီဆွဲသည်။ ခဲတံဖြင့် ခပ်မြန်မြန် ပုံကြမ်းခြစ်သည်လည်း ရှိသည်။ ရောင်စုံတံနဲ့ ဆွဲထားတာတွေကလည်း အများကြီးပါပဲ။ အစားအစာအသစ်တွေ မြည်းစမ်းကြည့်ဖို့၊ နေရာအသစ်အဆန်းတွေကို ထိတွေ့ဖို့၊ လာဗင်ဒါတွေကို မွှေးမြကြည့်ဖို့ ... အဲဒီလိုအခါမျိုးတွေမှာ သီအို တက်ကြွနေတတ်သည်။

သို့ပေမဲ့ သီအို့ရဲ့ စိတ်အပြောင်းအလဲ အတက်အကျက ထိန်းသိမ်း၍ မရအောင် မြန်လွန်းနေသည်။ ဘန်ကောက်နှင့် ပတ်သက်၍ သတင်းတစ်ခုခု ကြားလိုက်ရသည့်အခါ ဖြစ်စေ၊ ချင်းရိုင်အကြောင်း တွေ့လိုက်ရသည့်အခါ ဖြစ်စေ သီအိုသည် ချက်ချင်းပင် မှိုင်ကျသွားပြီး ငိုချင်ရင် ငိုချပစ်လိုက်၏။ တစ်ဆက်တည်းမှာပင် မလွတ်မြောက်သော၊ အချုပ်အနှောင်နှင့် နေထိုင်ရသော သူ့ဘဝသူ ပြန်တွေးမိကာ စိတ်ဖိစီးပြန်သည်။

ဦးထင်က ဟိုတယ်မှာ နှစ်ရက်လောက်သာနေပြီး အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်သော သူ့သူငယ်ချင်းဟောင်းကို ပြန်လည်အဆက်အသွယ် ရတဲ့အခါ သူတို့အိမ်မှာ သွားနေမည်ဟုဆိုသည်။ သည်လိုမျိုး နေရာအပြောင်းအလဲ လုပ်နေရတာ သီအို့အတွက်တော့ အဆင်ပြေလှသည်။ သူ့စိတ် အပြောင်းအလဲ ဖြစ်သည်လေ။ အသစ်သစ်သော ပတ်ဝန်းကျင်နှင့် ထိတွေ့ရသည့်အခါ သီအို့မှာ စူးစမ်းလိုစိတ်က ရှေ့ရောက်လာပြီး တခြားသောအရာများကို သိပ်မတွေးဖြစ်တော့ ... ။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now