[၂၃] အသက်ရှူငွေ့များ/ အသက္ရွဴေငြ႕မ်ား

132 20 4
                                    

ခမ်းနားလှပသော ဘန်ကောက်မြို့တော်၌ သီအိုသည် ငါးနှစ်မျှ ကျောင်းတက်ခဲ့ရသည်။ 

ကျောင်းတက်နေစဥ် ကာလတစ်လျှောက် ဦးလေးအိုက်တို့အိမ်မှာသာ အတူနေထိုင်ခဲ့ရ၏။ အလကား မနေလိုသဖြင့် အချိန်ပိုင်းအလုပ်လည်း တစ်ဖက်ကလုပ်ရင်း ကျောင်းတက်ခဲ့သည်။ ရသမျှငွေကိုတော့ ဦးလေးအိုက်ဆီအပ်ပြီး အတိုအစလေးများ ကျန်နေခဲ့မှ စာအုပ်ဝယ်ဖို့ သုံးပစ်လိုက်သည်။ မေမေ မရှိတော့သည့် နောက်ပိုင်းမှာ သီအို အရင်ကလောက် တက်ကြွလန်းဆန်း မနေတော့ပေ ... ။ လူတွေနဲ့လည်း ရောရောထွေးထွေး နေခြင်း မရှိတော့ ... ။ အားလပ်ချိန်တွေမှာ ပန်းချီ Online Class လေးတွေ တက်လျှင်တက်၊ မတက်ဘူးဆိုလျှင် ဘာသာစကား လေ့လာနေဖြစ်တာက များပါသည်။

ဘာသာစကားလေ့ကျင့်ပြီးသားလည်းဖြစ်၊ အနားယူပြီးသားလည်း ဖြစ်သည့် ဝတ္ထုဖတ်ခြင်းကိုတော့ သီအို အများဆုံး လုပ်ဖြစ်သည်။ မြန်မာဝတ္ထုတွေဆိုလျှင် သူ အတော် အရသာတွေ့နေ၏။ အကြိုက်ဆုံး စာရေးဆရာတွေဆိုလျှင် နိုင်ဝင်းဆွေနှင့် မင်းလူဖြစ်သည်။

ဦးထင်ကတော့ တစ်နှစ်ကို နှစ်ခေါက်လောက် သူ့ဆီကို လာတတ်သည်။ ရောက်လာတိုင်းလည်း 'အဆင်ပြေလား' ဆိုတာလောက်ပဲ မေးပြီး သူ့အနားကို သိပ်မကပ် ... ။ ဦးထင်က သူ့စကားအတိုင်း သီအို ၁၈ နှစ် မပြည့်သေးခင်မှာ လက်ဖျားကိုတောင် မဆုပ်ကိုင်ခဲ့ပေ။

ဦးထင် သူ့အပေါ် ဘယ်လိုသဘောထားသလဲဆိုတာကို သူ အသေအချာ မသိပါ။ သူကတော့ ဦးလေး တစ်ယောက်ဆိုသည်ထက် ဘာဆို ဘာမှ တွေးလို့ မရခဲ့ ... ။ တစ်ချိန်မှာ ဦးထင်နဲ့ သူနဲ့ ဖြစ်ပျက်လာမည့် အခြေအနေများက ခေါင်းထဲ ရောက်လာလျှင် နေလို့ အဆင်မပြေတော့ ... ။ အဲသည်အခါဆိုလျှင် စိတ်ကျဥ်းကျပ်လွန်း၍ ခေါင်းအုံးပေါ် ခေါင်းမှောက်ကာ တစ်ယောက်တည်း ခိုးငိုမိသည်။ ဒီတိုင်းလေးပဲ ဆက်သွားလို့ မရဘူးလားနော် ... ။

သူ ယခုအချိန်မှာ ပညာသင်၊ အလုပ်လုပ် နေသော်လည်း တစ်ချိန်ကျလျှင် ဘာမျှ အသုံးဝင်လိမ့်မည်မဟုတ်။ ဦးထင်နဲ့ အတူနေရတဲ့အခါ သူက ဦးထင်အတွက် ချက်ပေး၊ ပြုတ်ပေး၊ အိမ်မှုကိစ္စတွေလုပ်ပေးသည့် နေရာကိုရောက်ပြီး သည်လိုပဲ နစ်သွားလိမ့်မည်။ အားနေတဲ့အချိန်မှာ ပန်းချီဆွဲနေလို့တော့ ရတာပေါ့လေ ... ။ ဒါပေမဲ့ သူ ဦးထင်ကို ဦးလေးတစ်ယောက်ထက် ပိုတဲ့နေရာမှာ လက်မခံနိုင်သေးပါ။ သူ့စိတ်က အဆင်သင့် မဖြစ်သေးတာပဲလား။ သို့မဟုတ် အပြီးတိုင် ငြင်းဆန်နေတာလား။ သူကိုယ်တိုင် မသိ။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now