တာလော့စျေး၏ ဆိုင်ခန်းတစ်ခုထဲသို့ အသက် ခပ်လတ်လတ်အရွယ် အမျိုးသားတစ်ဦးသည် ဦးထုပ်အနက်ရောင်ကို ခပ်ငိုက်ငိုက် ဆောင်းလျက် တိုးတိတ်စွာ ဝင်ရောက်သွားသည်။ သူ့ ခြေလှမ်းတွေက သွက်လက်ပေါ့ပါးစွာ ... ။ အထဲမှာတော့ ခပ်မှောင်မှောင်၊ ခပ်ကုပ်ကုပ် ဆိုင်ခန်းလေးထဲ၌ မှောင်မိုက်နေပြီး အတွင်းဘက်သို့ ဝင်သွားလိုက်မှ ဝါကျင်သော မီးအလင်းရောင် မှိန်မှိန်လေးကို တွေ့ရ၏။ မီးရောင်ဖြာကျနေသော ထိုင်ခုံမှာ အသင့်စောင့်စားနေသောသူ၏ မျက်နှာက မှောင်ရိပ်ကျနေသဖြင့် ဝိုးတဝါးသာ မြင်ရပါသည်။
အမျိုးသားကို တွေ့တော့ ထိုလူ၏ မျက်ဝန်းများ မျှော်လင့်ချက်ဖြင့် ဝင်းပသွားပြီး တစ်ချက်ပြုံးလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ"
ဦးထုပ်ဆောင်းထားသော အမျိုးသားက ဘောင်းဘီအိတ်ထဲမှ စာရွက်ကလေးကို စားပွဲခုံပေါ်သို့ ဖျတ်ခနဲ ပစ်တင်လိုက်လေသည်။
"လိပ်စာရေးထားတယ်"
ထိုင်နေသောသူက သဘောကျသည့်အနေဖြင့် တစ်ချက် ပြုံးသည်။
"နောက်တစ်ခါ ထွက်မပြေးစေနဲ့"
"စိတ်ချပါ၊ သူလည်း ဒီမြို့ထဲက မပြေးနိုင်ပါဘူး၊ ပြေးနိုင်အောင် ပိုက်ဆံကလည်း ရှိဦးမှကိုး ... "
"ဒါပေမဲ့ မပေါ့နဲ့"
"ဟုတ်ကဲ့ပါ"
အမျိုးသားက ဦးထုပ်ကို လက်ဖြင့် အောက်သို့ ဆွဲချလိုက်ပြီး တစ်ဘက်သို့ လှည့်ကာ ချာခနဲ ထွက်ခွာသွား၏။ ကျန်ရစ်ခဲ့သောသူက ထိုင်ခုံတွင်ထိုင်ကာ စာရွက်ပေါ်မှ လိပ်စာကိုကြည့်ရင်း ပြုံးနေခဲ့လေသည်။
***
ဉာဏ်လင်းထင်ကျော်သည် သူ၏ အစီအစဥ်အတိုင်း လုပ်ဆောင်ရန် မနက်စောစောပင် စျေးသို့ ထွက်လာခဲ့၏။ ကားထဲမှ ဆင်းပြီး မြေပြင်ပေါ်သို့ ခြေချလိုက်ချိန် လက်ကနာရီကို ကြည့်မိတော့ ငါးနာရီ ခွဲနေပြီဖြစ်သည်။ သူသည် လတ်ဆတ်သောလေကို ရင်ထဲသို့ စီးဝင်သွားအောင် ရှူရှိုက်လိုက်ပါသည်။ အရှေ့ဘက်ကောင်းကင်ဆီမှာ ရောင်နီပျို့စဖြစ်ပြီး စျေးထဲတွင်တော့ နှင်းမြူပင် မကွဲသေးပါ။ ဖြူလွသော နှင်းမှုန်လေးတွေက ပါးလျသော ခြုံထည်တစ်ထည်လို ရစ်သိုင်းကာ ဝေ့လည်ဝဲပျံနေသည်။ နှင်းမြူတို့က အိပ်စက်နေသေးသည့်တိုင် စျေးထဲမှာတော့ စျေးဆိုင်ခန်းတွေ၊ ရောင်းသူ၊ ၀ယ်သူတွေဖြင့် လှုပ်ရှားစည်ကားစ,ပြုပြီ။ ဉာဏ်လင်းသည် ဘောင်းဘီဘေးအိတ်တွေထဲသို့ လက်ထိုးထည့်ကာ တက်ကြွသော ခြေလှမ်းများဖြင့် စျေးထဲသို့ ဝင်လာခဲ့သည်။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။