"ရှေ့နားက ဆိုင်လေးကို ခဏဝင်လို့ ရမလား ကိုဉာဏ်လင်း"
သြရီးယားက ကားမောင်းနေရင်းမှ လှမ်းကြည့်လိုက်တော့ လမ်းရဲ့ ညာဘက်မှာ အိမ်သုံးအလှပြင်ပစ္စည်းတွေနှင့် အရုပ်ကလေးတွေရောင်းသည့် ဆိုင်ကလေးကို တွေ့ရသည်။ မြို့ပြင်မှာရှိပြီး ကားလမ်းဘေးမှာဖြစ်လို့ သားသားနားနားတော့ မဟုတ်လှ။ သို့သော် မှန်တံခါးလေးတွေနှင့် ပန်းရောင်အခန်းနံရံတွေက ချစ်စရာအသွင်ကို ဆောင်နေသည်။
"ရတာပေါ့ဗျာ"
သူ တစ်ချက်ပြုံးလိုက်ပြီး ကားကို လမ်းဘေးသို့ ဆင်းပြီး အရိပ်ရသည့် နေရာလေးမှာ ရပ်လိုက်၏။ လမ်းဘက်ကို ခေါင်းငဲ့စောင်းပြီး ကြည့်မိတော့ ကားလမ်းပေါ်မှာ ယာဉ်အသွားအလာ ရှင်းလင်းနေတာကို မြင်ရသည်။ လမ်းမဆီက လတ်ဆတ်သည့်လေက ကားထဲသို့ တဖြူးဖြူး တိုးဝင်လာနေသည်။ ဧည့်သည်တွေက ကားတံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ထွက်၏။ အပြင်သို့ရောက်တော့ ကားထဲတွင် ထိုင်နေခဲ့သော သြရီးယားကို လှမ်းကြည့်ကာ ...
"ကိုကြီးဉာဏ်လင်းက မဆင်းတော့ဘူးလား"
သူ ပြုံးလျက် ခေါင်းခါပြလိုက်၏။
"ဟာဗျာ ... ဟိုကြည့် သည်ကြည့် လျှောက်ကြည့်ရအောင် ဆင်းခဲ့ပါဗျာ၊ တစ်နေကုန် ကားစီးထားရတော့ လက်တွေ ခြေတွေ အညောင်းမိနေမှာကို"
"ကျွန်တော်က ဘာမှ ဝယ်စရာ မရှိလို့ပါဗျာ"
"ကိုကြီးအိမ်သူအတွက် တစ်ခုခု ၀ယ်ပေါ့"
"ဟယ် ... ကိုဉာဏ်လင်းက လူပျိုကြီးဆိုတာ ရှင် မသိဘူးလား"
"ဟာဟာ ... ဟုတ်လား၊ ဆောရီးပါဗျာ"
"ရတယ် ရတယ်၊ ဘာမှမဖြစ်ပါဘူး"
သြရီးယားသည် တစ်ချက် တွေခနဲ ဖြစ်သွား၏။ အိမ်သူတော့ မဟုတ်။ အိမ်သားပေါ့လေ။
သူ့မြင်ကွင်း ရှေ့မှာပင် ဧည့်သည်မိသားစုက ဆိုင်ထဲကို ဝင်သွားကြပြီဖြစ်သည်။
သူလည်း သီအို့အတွက် တစ်ခုခု ဝယ်သွားရရင် ကောင်းမလား။ သူ သီအို့အတွက်ဆိုပြီး ယခုအချိန်အထိ ဘာမှ ဝယ်မပေးဖူးပါ။ တကယ်ဆိုလျှင် ဝယ်ပေးသင့်တာပေါ့။ အခြားသော ချစ်သူရည်းစား၊ လင်မယားတွေမှာဆိုလျှင် နှစ်ပတ်လည်နေ့တိုင်း ပန်းလက်ဆောင်ပေးတာ၊ တစ်ခုခု လက်ဆောင်ပေးတာ စသဖြင့် ရှိကြတာပဲလေ။ သြရီးယားသည် ဤအချက်ကို နှစ်ပေါင်းများစွာ မေ့လျော့နေခဲ့ပြီး ယခုမှပင် သတိရလေသည်။ ဘုရားရေ ... သူတို့မှာ လက်ထပ် လက်စွပ်ပင် မရှိပါလား။ ဒါ ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။