ဘုရားရင်ပြင်တော်ပေါ်ဝယ် ညက်ညောသော လေက တဟူးဟူး တိုက်ခတ်လျက်ရှိ၏။ နွန်၏ အဖျားတွင် လိမ်တွန့်သော ဆံနွယ်များသည် လေတွင် ဖွာလွင့်နေ၏။ မျက်လွှာကို ချပြီး တစ်စုံတစ်ခုကို အလေးအနက်ထား၍ ဆုတောင်းနေသည့် ပုံလေးကို ကြည့်ရင်း ဉာဏ်လင်းထင်ကျော် ရင်ထဲ၌ မကောင်း ... ။
တကယ်တော့ သည်ဘုရားသို့ လာရသည်မှာ အကြောင်းရှိပါသည်။ လာဗင်ဒါပန်းတွေကြောင့်ပါပဲ။ အဲဒီလာဗင်ဒါတွေကို နွန့်လက်ထဲမှာ ဆက်ထား၍ မဖြစ်။ အကယ်၍ ဆက်ထားမည်ဆိုပါက ဘယ်တော့မှ မညှိုးနွမ်းမည့် ဤပန်းများကို အတုများဟု နွန် ရိပ်မိသွားမည်။ ဒါကြောင့်ပဲ သည်ပန်းတွေကို ဘုရားလှူဖို့ တိုက်တွန်းရင်း သူပါ လိုက်လာခဲ့ရတာ ဖြစ်သည်။
ဘုရားစေတီက တောင်ကုန်းမြင့်မြင့်ပေါ်မှာ ရှိတာကြောင့် တာချီလိတ်မြို့ကို အထက်စီးမှ မြင်ရသည်။ နွန်က ဘုရားရှိခိုးပြီးသောအခါ သူ့ဘေးမှာ လာထိုင်၏။ တွေ့တာ ၂ ရက်ပင် ရှိသေးသော်လည်း သူ နွန်နှင့် ရင်းနှီးလာသလို ခံစားရသည်။ နွန်၏ ရဲတင်းသော အပြုအမူကလေးများကိုလည်း သတိထားမိလာပါ၏။ စရိုက်ကြမ်းတမ်းသည့် ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရပြီး လုပ်ရသည့်အလုပ်ကလည်း မကောင်းမွန်လှတော့ နွန့်စရိုက်ကလည်း ခပ်ကြမ်းကြမ်းလေး ဖြစ်နေသည်။
"နွန်လေ ထိုင်းမှာတုန်းက၊ စျေးထဲမှာ စျေးဝယ်ရင်း စျေးစစ်တာ၊ အဲဒါ စျေးသည်က လျှော့မပေး၊ လေသံက မာ လာနဲ့ဆိုတော့ နွန် အဲဒီနေရာမှာပဲ လူတွေကြားထဲ လုံးသတ်လာခဲ့ရော"
အဲသည်လို ပြောတုန်းက သူ့မှာ ပြောနေပုံလေးကို ကြည့်ရင်း သဘောတကျ ပြုံးမိသော်လည်း ရင်ထဲမှာတော့ သနားနေခဲ့မိသည်။ သည်ကလေးမလေးက တကယ်တော့ အသက်ငယ်ပါသေးသည်။ သူ့ထက်ပင် ၄ နှစ်ငယ်၏။ သို့သော် ရုပ်ရင့်ကာ သူနှင့် ရွယ်တူလိုပင် ဖြစ်နေသည်။
"တကယ်လို့ ... နွန့် ကလေးလေးကိုပါ ပိုးက ကူးရင် ဘယ်လိုလုပ်မလဲဟင်"
ဉာဏ်လင်းလည်း ဤကိစ္စကို စဥ်းစားဖူးပါ၏။ သူ့ရင်ထဲမှာလည်း ထိုကဲ့သို့ စိုးရိမ်နေသည်။ သို့သော် ထိုစိုးရိမ်မှုကို နွန်မမြင်စေရ ... ။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။