လင်း ထွက်သွားပြီး ၃ ရက်အကြာတွင် သီအိုတို့ အိမ်ပြောင်းကြရသည်။ ဦးထင် ငှားထားသော အိမ်လေးမှာ အတော်အတန်ကျယ်ဝန်းပြီး မာဆေးမြို့အစွန်မှာ ရှိတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်ရှိသည်။ အခန်းဖွဲ့စည်းပုံလည်း ကောင်းမွန်ပြီး နေရောင်ကို ကောင်းစွာရရှိ၏။ သို့သော်လည်း သီအို့အတွက်တော့ မွန်းကျပ်စရာပင် ဖြစ်နေပါသည်။
နံနက်ခင်း မိုးလင်းသည်နှင့် ဦးထင်က အိမ်မှ ထွက်သွားတတ်ပြီး ညမှသာ ပြန်ရောက်လာတတ်၏။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့သော သီအိုသည် ပန်းချီဆွဲလိုက်၊ စာအုပ်ဖတ်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးရသည်။ တစ်ခါတရံ ပန်းချီဆွဲရင်း လင်းကို တမ်းတစွာ လွမ်းဆွတ်လာသောအခါ စားပွဲပေါ်မှာ ခေါင်းမှောက်ပြီး ငိုပစ်လိုက်၏။ တစ်ခါတရံမှာတော့ ပင်လယ်ဘက်သို့ ပြေးထွက်ပြီး လင်းနဲ့ တွေ့ခဲ့သော ခုံတန်းလေးမှာ ငူငူငိုင်ငိုင် ထိုင်နေမိသည်မှာ အကြာကြီးဖြစ်သည်။
ဆေးလိပ်ကိုလည်း စွဲစွဲလမ်းလမ်း သောက်တတ်လာသည်။ မီးခိုးငွေ့တွေကို မှုတ်ထုတ်ရင်း ငြိမ်သက်နေရသည်ကို နှစ်ခြိုက်လာသည်။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရသည့် အထီးကျန်မှုက သူ့စိတ်တွေကို ခြောက်ခြားလာအောင် ကိုင်လှုပ်လာသည်။ သီအို့ရဲ့ဘဝသည် အမှောင်ထုကြီးထဲကို ရုန်းမရအောင် နစ်မြုပ်ကျရှုံးနေသလိုပဲ။ အလင်းကို ဘယ်လိုမှ ဖမ်းမမိတော့ ... ။ ဟုတ်သည် ... သူ့တစ်သက်တာ အလင်းကို တွေ့မှာ မဟုတ်တော့ ... ။ နိုးမလာရင် ကောင်းမှာပဲ ဟု တွေးမိသည့် ညတွေများလာသည်။
"လူတွေ အသက်ရှင်နေရတဲ့ အကြောင်းတရားတွေထဲမှာ အရေးအပါဆုံးက ဘာလဲ သိလား သီအို၊ အဲဒါက မျှော်လင့်ချက်ပဲ၊ တစ်စုံတစ်ခုကို မျှော်လင့်ပြီး နေထိုင်ရတဲ့ ဘဝဟာ အဓိပ္ပါယ်ရှိတယ်၊ ဦးဦးတို့ဘဝတွေမှာ မျှော်လင့်ချက်တွေ တည်ဆောက်ရမယ်၊ မျှော်လင့်ချက်တွေဟာ ဘဝသစ်ကို ပေးနိုင်တယ်၊ ခွန်အားကို ပေးနိုင်တယ်၊ အောင်မြင်မှုကို ပေးနိုင်တယ်"
သူ ငယ်ငယ်တုန်းက ဦးထင် ပြောခဲ့သော စကားများကို ပြန်လည်ကြားယောင်မိသောအခါ ပိုပြီးဝမ်းနည်းလာ၏။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။