[၁] ခွဲခွာခြင်း/ ခြဲခြာျခင္း

2.7K 54 8
                                    

[၀တ္ထုပါ နေရာဒေသများသည် အမှန်တကယ်ရှိသည်ဖြစ်သော်လည်း ကျွန်တော့်၏ စိတ်ကူးယဥ်ဖြည့်စွက်မှု ပေါင်းလိုက်သောအခါ ကွဲလွဲမှုများ ရှိနိုင်ပါသည်။ ဤ၀တ္ထုသည် ကျွန်တော့်၏ စိတ်ကူးသပ်သပ်သာဖြစ်ပြီး ဖျော်ဖြေရေးအတွက်သာ ရည်ရွယ်ပါသည်။]

.....

အနောက်ဘက်ဆီသို့ လည်ပြန် လှည့်ကြည့်လိုက်သောအခါ ခရမ်းရောင် လာဗင်ဒါပန်းတွေကို ပြာလွင်သော ကောင်းကင်နောက်ခံဖြင့် မြင်ရ၏။ ပင်လယ်ပြင်လို မျက်စိတစ်ဆုံး ကျယ်ပြောသည့် ခရမ်းရောင် ပန်းခင်းကြီးမှာ လာဗင်ဒါတွေက အစု အစုနှင့် လှိုင်းလုံးတွေလို မို့မောက်ကြွတက်လျက်ရှိသည်။ နေရောင်က မပွင့်တပွင့်သာ လင်းတော့ ဒီနေ့အဖို့ ရာသီဥတုက နွေးထွေးပေါ့ပါးစွာ နေလို့ကောင်းသည်။ လင်းဗရိုစ်သည် ပခုံးပေါ်ရှိ လွယ်အိတ်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ခေါင်းကို ငုံ့ထားသည်။ သူ ခြေတစ်လှမ်း ရွေ့ဖို့ကိုပင် အားစိုက်နေရသည်။ ခံစားချက်က ငါးရိုး နင်နေသလို လည်ချောင်းထဲမှာ ခံပြင်းစွာ တစ်စို့စွာ ... ။

ပခုံးပေါ်တွင် သိုင်းတင်လာသော ဘေးလွယ်အိတ်ကြိုးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ခေါင်းကို ငုံ့ပစ်လိုက်ရ၏။ မျက်ရည်ဖြင့် ဝေဝါးနေသော အမြင်အာရုံတွင် ခရမ်းရောင်တွေကိုသာ မြင်ရပါသည်။ တင်းခံထားသော်လည်း အားအင်တွေ စုပ်ယူခံနေရသလို နွမ်းလျလာသောအခါ သည်အတိုင်း ချထားသည့် လက်နှစ်ဘက်ကိုပင် လေးလံလာသည်ဟု ထင်မိသည်။ ယုယဖေးမစွာ ဂရုတစိုက် လိုက်လံပို့ဆောင် ပေးမည့်သူ မရှိသော ခရီးသည်တစ်ဦး၏ ဒုက္ခကို ဘယ်သူ နားလည်နိုင်မလဲလေ ... ။ သူ အနီးရှိ ခုံတန်းလေးပေါ်သို့ အားလျော့စွာ ထိုင်ချလိုက်ရပါသည်။

သူ ထွက်ခွာသွားရတော့မည်။ မာဆေးမြို့ကို ကျောခိုင်းပြီး ထွက်သွားရတော့မည်။ အရှုံးကို သိမ်းပိုက်ကာ ထွက်သွားရတော့မည်။ အရှုံးကိုလို့ တွေးမိကာမှ ကိုယ့်အတွေးနှင့်ကိုယ် အောင့်သက်သက် ဖြစ်ရသေးသည်။ ဘယ်တုန်းကများ နိုင်ခဲ့ဖူးလို့လဲ ဆိုသည့် မေးခွန်းက သူ့အား လှောင်နေသလို ... ။ ခေါင်းကို ငုံ့ချလိုက်ပြီး မျက်ခွံတွေကို ခပ်တင်းတင်း ပိတ်သိမ်းလိုက်တော့ မျက်ရည်စက်တွေ သူ့ပေါင်ပေါ်သို့ လွင့်စင်ကျသွား၏။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now