"ဦးထင် ... "
ကားအနောက်ခန်းထဲသို့ အထုပ်အပိုးတွေ ထည့်နေချိန်မှာ ကျောဘက်ဆီမှ ခေါ်သံကြားလိုက်ရတာကြောင့် ဉာဏ်လင်းထင်ကျော်သည် အနောက်ဘက်သို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ သည်ကောင်လေး အခုတလောပိုင်းမှ ဘာစိတ်ကူးပေါက်သည်မသိ၊ အခေါ်အဝေါ်တွေ ပြောင်းနေသည်။ သီအိုက သူ့အနား ရောက်တော့ စက်ဘီးပေါ်က ဆင်းလိုက်ပြီး ပြုံးကာ ...
"မေမေက ဒါပေးခိုင်းလိုက်လို့" ဟု ဆိုပြီး ဟင်းချိုင့်လေးကို သူ့လက်ထဲသို့ ကမ်းပေးသည်။ ဉာဏ်လင်းလည်း သီအို့ကို ပေစောင်းစောင်း ကြည့်ရင်း ချိုင့်လေးကို လက်ပြောင်းယူလိုက်၏။
"နေပါဦး ... ဦးဦး ဒီမှာရှိတာကို ဘယ်လိုလုပ်သိတာလဲ"
သီအိုက သူသယ်ရန် ဟန်ပြင်နေသည့် အဝတ်ထုပ်ကို ကောက်ယူလိုက်ပြီး ကားအနောက်ခန်းသို့ ထည့်လိုက်၏။
"ဦးထင် တည်းတဲ့ဆီကို ရောက်ခဲ့တယ်လေ၊ အဲဒါ အဲက ဝန်ထမ်းတွေကို မေးကြည့်တော့လည်း မသိဘူးဆိုတာနဲ့ ဒီကိုလာတာနေမှာပဲလို့ တွေးပြီး လိုက်လာလိုက်တာ"
ယခု သူတို့ရောက်နေသော နေရာမှာ ဦးလေးအိုက်တို့ရဲ့ သိုးခြံဖြစ်ပါသည်။ ဦးလေးအိုက်ရဲ့ မိန်းမက ဘန်ကောက်က ရုံးချုပ်ကို ရာထူးတိုးနဲ့ ပြောင်းရွှေ့ရမည်ဖြစ်သဖြင့် သူတို့က သည်သိုးခြံကို ယုံကြည်စိတ်ချရသူတစ်ဦးဖြင့် ထားခဲ့ကာ ဘန်ကောက်သို့ ပြောင်းရွှေ့ကြမည်ဖြစ်၏။ အစက ဦးလေးအိုက်က နေခဲ့မည်ဟု ဆိုသေးသည်။ သို့သော် သူတို့မှာ ကလေးငယ်လေး ရနေပြီဖြစ်သဖြင့် မလိုက်၍ မရတော့ ... ။ ကလေးရဲ့ ရှေ့ရေး၊ အနာဂတ်အတွက် ကြည့်ပြန်တော့လည်း ဘန်ကောက်မှာ ပြောင်းရွှေ့နေထိုင်ခြင်းက သူတို့အတွက် ပိုပြီး အဆင်ပြေမည်။
"သီအို ဘန်ကောက်ကို မလိုက်ချင်ဘူးလား"
ဉာဏ်လင်းထင်ကျော်က စူးစမ်းစွာ မေးလိုက်သောအခါ သီအိုက ခေါင်းလေးကို ယဲ့ယဲ့ခါသည်။ ထို့နောက် သူ့ကို မေးခွန်းပြန်ထုတ်၏။
"ကျွန်တော် ၁၆ ပြည့်တော့မှာနော်၊ ဦးထင် ကျွန်တော့်ကို ပြောထားတာ မှတ်မိသေးလား၊ အသက်ပြည့်ရင် အလုပ်ပြန်လုပ်ခိုင်းမယ်လို့လေ"
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။