[၆] နိုးတဝကျအိပျမကျ/ နိုးတဝက်အိပ်မက်

205 24 5
                                    

သည်အချိန်တွင် သီအို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ကောင်းသည်။ သို့မဟုတ်လည်း အတွေးတစ်ခုဖြင့် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခေါင်းအုံးမှာ ပါးအပ်လျက် ရှိနေသင့်သည်။ အခုတော့ တဆတ်ဆတ် တုန်ခါနေသော မေးရိုးကြောင့် သွားချင်းရိုက်ခတ်ကာ ထွက်ပေါ်လာသည့် အသံကို အောက်နှုတ်ခမ်းအား ဖိကိုက်ရင်း ငြိမ်သက်နေရ၏။

သူ့ကျောဘက် ကပ်လျက်ဆီမှာရှိသော သြရီးယားကတော့ ဟောက်သံသဲ့သဲ့နှင့်အတူ အိပ်မောကျလျက် ... ။ အရိုးထဲမှ စိမ့်ကာ ချမ်းစီးသော အအေးဒဏ်ကို အန်တုထားရသည်က စောင်ပါးပါးလေး တစ်ထည်သာ ... ။ ခန္ဓာကိုယ်ကို ဘေးတစောင်းအနေအထားဖြင့် ဒူးနှစ်ဖက်ကို ရင်ညွန့်ဆီအထိ ရောက်အောင် ကွေးညွှတ်လိုက်ပြီး လက်ဖြင့် ပွေ့ပိုက်ထားမိသည်။ ကိုယ်တွင်းမှ လာသော အအေးဒဏ်က နည်းနည်းလေးမှ လျော့မသွားပါ။

သြရီးယားကို နှိုးပြီး နေမကောင်းဘူးဟု ပြောလိုက်ရမလား။ ဤအတွေးသည် ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သော်လည်း အပြင်သို့ ဘယ်တော့မှ ထွက်မလာခဲ့ပေ။ သြရီးယားသည် အလုပ်များသူ တစ်ယောက်ဖြစ်၏။ နေ့ခင်းဘက်တွင် သူ့အလုပ်၌ ခြေတိုအောင် ပြေးနေရသူဖြစ်သည်။ ယခုလို နှစ်ခြိုက်စွာ အိပ်မောကျနေချိန်တွင် သူ သြရီးယားကို မနှိုးရက်ပါ။ လက်အချင်းချင်းကို ပွတ်တိုက်နေရင်း မနက်မိုးလင်းသွားရန်ကိုသာ ဆုတောင်းနေမိပါတော့သည်။

*

နုသစ်သော နေရောင်ခြည်တွေသည် အခန်းပြတင်းပေါက်ဆီမှ ထိုးကျနေ၏။ သြရီးယားသည် မျက်လုံးနှစ်လုံး ပွင့်သည်နှင့်တစ်ပြိုင်နက် လက်မှနာရီကို ဦးစွာ ကြည့်မိသည်။ အိပ်ရာပေါ်မှ လျင်မြန်စွာပင် ခုန်ဆင်းလိုက်ပြီး အဝတ်လဲရန် ပြင်ဆင်တော့သည်။ သူ့အလုပ်ချိန်က ကပ်နေပြီဖြစ်၏။ မာဆေးကို စ ရောက်ခါစမို့ အလုပ်က ခါတိုင်းထက်ကို ပိုများပါသည်။ ရှပ်အင်္ကျီကို အမြန်ကောက်ဝတ်လိုက်ပြီး တံတောင်ဆစ်အထိ အပြားလိုက် ခေါက်တင်လိုက်သည်။ ထိုအချိန်မှ သီအို့ကို သတိရသည်။ ခါတိုင်း သည်အချိန်ဆိုလျှင် သီအို နိုးနေပြီဖြစ်သည်။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now