Woolly Lavender
***
မနက်ခင်း၏ လတ်ဆတ်သောလေသည် ပြတင်းပေါက်ဆီမှ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာနေ၏။ သီအို့ရဲ့ အဝါနုရောင် ရှပ်အင်္ကျီကောလားလေးသည် နုသစ်သော လေပြည်တွင် တဖျပ်ဖျပ် လှုပ်ခါနေသည်။ ဆံပင်တွေလည်း လေမှာ ဖွာလန်နေသည်။ သီအို လက်နှစ်ဘက်ကို ပြတင်းဘောင်ပေါ်တွင် အားပြုပြီး ခန္ဓာကိုယ်ကို ကိုင်းကာ အရှေ့ဘက်ဆီသို့ မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူနဲ့ ခပ်လှမ်းလှမ်းမှာ လင်းဗရိုစ်က ဘေးတစောင်း အနေအထားဖြင့် နံရံကို မှီ၍ လက်ပိုက်ပြီး သူ့ကို ငေးကြည့်နေသည်။
"ဗင်းဆင့်ရဲ့ ပန်းချီကားနဲ့ တူရဲ့လား သီအို"
သီအိုက လင်းဗရိုစ်ထံသို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး မျက်လုံးလေး မှေးစင်းသွားအောင် ရယ်မောလိုက်သည်။
"တူတယ်၊ သိပ်လှတာပဲ"
မြင်ကွင်းက တကယ်ပင် ပန်းချီကားတစ်ချပ်လို လှပပါသည်။ မြင်လေရာရာမှာ ခရမ်းရောင်ပန်းတွေ ... ။ အနားသတ်တောင်ကုန်းတွေကတော့ ပန်းချီထဲကလို ခရမ်းရောင် မဟုတ်။ အပြာရောင် ... ။ အနီးအနားဆီမှာ အပြာက အားပျော့ပြီး ဟိုး အဝေးဆီသို့ရောက်လေ၊ နုရာမှ ရင့်သွားလေဖြစ်လေသည်။ အပြာရောင် တောင်တွေရဲ့ ထိပ်ဖျားမှာတော့ ရဲသော အနီဘက်သို့ လုသည့် ရွှေရောင်အဆင်းဖြင့် နေလုံးကြီး ... ။ မနက်ခင်း၏ နေရောင်သည် သီအို့အား တက်ကြွမှုများ ပေးစွမ်းသည်။
လင်းဗရိုစ် သူ့အနောက်တွင် လာရပ်လိုက်သည်ဟု ထင်သည်။ ကျောဘက်ဆီမှ ရင်ငွေ့ခပ်နွေးနွေးကို ခံစားမိသောကြောင့် ဖြစ်ပါသည်။ စိတ်လှုပ်ရှားသွား၍ပဲလားမသိ နားရွက်ထိပ်ဖျားမှာ ရှိန်းခနဲ ပူနွေးသော ခံစားချက်ကလေး ဖြစ်ပေါ်သွားသည်။ ဟင့်အင်း ... မဖြစ်ဘူး။ သူ မသိမသာလေး ဘေးသို့ တိုးကပ်လိုက်မိသည်။
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။