[၂၆] အောက်တိုဘာမိုး / ေအာက္တိုဘာမိုး

156 17 2
                                    

"ဒါဆို ဦးလေးရဲ့ သားလေးကရော၊ အခု ဘယ်မှာလဲ"

"သူ့ရဲ့ အဒေါ်တွေနဲ့ အတူတူ နေနေတယ်၊ ဘန်ကောက်မှာပဲ ရှိပါတယ်၊ ကျောင်းပိတ်ရက်တွေမှာ ဦးလေးက သူ့ကို သွားတွေ့ဖြစ်ပါတယ်"

လင်းဗရိုစ်က ပြုံးပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ အားလုံးကို ပြည့်ပြည့်စုံစုံ သိလိုက်ရပြီးတဲ့နောက်မှာ သူ သီအို့ကိုလည်း နားလည်လာသည်။ သြရီးယားကိုလည်း နားလည်လာသည်။ တကယ့်တကယ်တော့လည်း သူက ဒီဇာတ်လမ်းထဲကို အချိန်နှောင်းမှ ရောက်လာခဲ့သည့် လူပဲလေ ... ။ သူ့မှာ ဘာမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ။ အရာအားလုံး နေသားတကျ ဖြစ်ပြီဆိုမှ အောက်တိုဘာမှာ မိုး,ရွာသလို သူက အလာနှောင်းခြင်း။

လင်းဗရိုစ် ဘာကိုမှ မမျှော်လင့်တော့ပါ။ တစ်ခါ တစ်ခါတော့လည်း သီချင်းနားထောင်ရင်းဖြစ်ဖြစ်၊ လာဗင်ဒါရနံ့နဲ့ ခပ်ဆင်ဆင်တူသည်ကို ရှူရှိက်မိသောအခါ သီအို့ကို တမ်းတမ်းတတ လွမ်းမိပါသည်။ သို့သော် သူတို့ရဲ့ ဇာတ်လမ်းက ရှေ့ဆက်လို့မှ မရတော့ဘဲလေ။ ဒီလို ဒီလိုနဲ့ပဲ တစ်နေ့တော့ အဆင်ပြေသွားမှာပါဆိုတဲ့ စကားကို လက်ကိုင်ထားရင်း သူတို့ရဲ့ဘဝတွေကို ရှေ့ဆက်ရမှာ။ သူ ကြိုးစားရမှာက မာဆေးကို ပြန်ရောက်သွားတဲ့အခါ သီအိုနဲ့ မတော်တဆများ လမ်းမှာ တွေ့မိခဲ့ရင် ပေါ့ပါးလွတ်လပ်သည့် မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အပြုံးမျိုးကို ပြုံးနိုင်ဖို့ပါပဲ။

လင်းဗရိုစ်ရဲ့ ဘဝမှာ နောက်ဆုံးအနေဖြင့် တတ်နိုင်သည့်အရာ တစ်ခုတော့ ရှိပါသေးသည်။ အဲဒါက သီအို အစစ အရာရာ အဆင်ပြေစေဖို့ ဘုရားသခင်ထံမှာ ဆုတောင်းဖို့ပဲဖြစ်သည်။

သြရီးယားက လင်းကို မာဆေးသို့ ပြန်လာနိုင်ဖို့ စီစဥ်ပေးခဲ့သော်လည်း လင်း လက်မခံခဲ့ပါ။ သီအို့ကို ပြောခဲ့သည့်အတိုင်း ထိုင်းမှာ ၁ လ ကြာပြီးမှသာ ပြန်မည်။ အသားကျသွားလို့ပဲလားမသိ၊ ယခုနောက်ပိုင်းနေ့ရက်တွေမှာ လင်းဗရိုစ် ထိုင်းမှာ နေရတာ အဆင်ပြေလာပါသည်။ ညနေပိုင်းတွေမှာ ငူငူငိုင်ငိုင် ထိုင်နေတတ်တာက လွဲရင်ပေါ့လေ။

"လင်း ... မာဆေးရောက်ရင် ဘာဆက်လုပ်မယ် စိတ်ကူးလဲ"

ဦးလေးအိုက်က ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသော မြင်ကွင်းကို ငေးကြည့်ရင်း စီးကရက်ပြာကို တောက်ချလိုက်ပြီး မေးလေသည်။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now