[၁၃] ငှက်တွေရဲ့ အတောင်/ ငှက်တွေရဲ့အတောင်

179 20 16
                                    

တာချီလိတ်မြို့ ... ။

အမျိုးသမီးတစ်ဦးသည် ခံစားချက်မရှိသော မျက်လုံးသေများဖြင့် မယ်ဆိုင်ချောင်းရေပြင်ကို တံတားပေါ်မှနေ၍ ငုံ့ကြည့်နေသည်။ ချောင်းရေ၌ ခပ်ရေးရေး မြင်နေရသော သူမ၏ မျက်နှာသည် လောကကို စိတ်ပျက်အားလျော့စွာ ရင်ဆိုင်နေရသည့် အရိပ်အငွေ့တွေ အပြည့်ရှိ၏။ ရှုပ်ထွေးပွေလီစွာ ကောက်ကွေ့နေသော ဆံပင်တွေက သူမ မျက်နှာတစ်ခြမ်းကို ဖုံးအုပ်လျက် ... ။ နှုတ်ခမ်းတွင် ပေါက်ပြဲရာတွေက သွေးစို့နေပြီး ပါးနှစ်ဖက်မှာလည်း လက်ချောင်းအရာတွေ ရဲတက်နေသည်။

ချောင်းရေတက်ချိန်ဖြစ်တာကြောင့် မယ်ဆိုင်ချောင်းမှာ ရေစီးလည်း သန်လျက် ရေတွေကလည်း ကမ်းပြည့်လုနီးပါး ပြည့်လျှံနေ၏။ ညနေစောင်းအချိန် တံတားပေါ်မှာ လူကျဲပါးပြီဖြစ်သောကြောင့် ယခုအချိန် တစ်ယောက်ယောက်များ ရေနစ်လျှင် မည်သူမျှ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ပေ။ မှောင်ပျသော နေရောင်ဖြင့် ဝိုးတဝါး မြင်နေရသည့် ချောင်းရေပြင်ပေါ်သို့ သစ်ရွက်လေးတစ်ရွက် ကြွေကျသွားသည်။ သစ်ရွက်လေးသည် ချောင်းရေနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် လှစ်ခနဲ မျောပါပျောက်ကွယ်သွားတော့၏။

အမျိုးသမီးသည် သူ့ဆံပင်တွေက သပ်လှန်လိုက်ပြီးနောက် ခြောက်သွေ့နာကျင်နေသော လည်ချောင်းကို သက်သာမည်လားဟု တံတွေးတစ်ချက် မျိုချလိုက်သည်။ တံတား၏ တစ်ဖက်ကမ်းမှာ သူမ၏ ဇာတိ ထိုင်းနိုင်ငံ၊ သည်ဘက်မှာတော့ မြန်မာနိုင်ငံ ... ။ အမျိုးသမီးသည် ဟိုဘက်သည်ဘက် ကြည့်ပြီး သက်ပြင်းတစ်ချက်ချ၏။ ထို့နောက် တံတားလက်ရန်းကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ပြီး ခြေကို မြေမှကြွကာ ခန္ဓာကိုယ်ကို လေထဲမှာ မြှောက်လျက် စိတ်ကို လွှတ်ချလိုက်၏။ သူ့ ခန္ဓာကိုယ်သည် လေထုထဲမှာ ဝေ့ခနဲ ဝဲလည်သွားစဥ်မှာပင် သူ စိတ်ချမ်းသာသလို တစ်ချက် ပေါ့ပါးသွားသည်။ ညက်ညောစွာ တိုက်ခတ်နေသော လေပြည်မှာ သူ့ခန္ဓာကိုယ် ဝဲလွင့်သွားပြီး သူ လွတ်မြောက်တော့မှာ ... ။

သို့သော် ... ခါးဘက်ဆီမှ အားဖြင့် ဆွဲယူပွေ့ချီမှုနှင့်အတူ သူမ၏ ခန္ဓာကိုယ်သည် တန့်ခနဲ ခေတ္တရပ်သွားပြီးနောက် တံတားပေါ်သို့ လဲကျသွားသည်။ ပက်လက်လန်သွားပြီး ရှုပ်ထွေးသော ဆံနွယ်တွေက မျက်နှာပေါ်မှာ ယှက်တင်နေ၏။ သူမသည် ​ကြောင်အမ်းအမ်းဖြင့် မထ,ဘဲ ပက်လက်ကြီး လှဲနေမိသည်။ ထိုအချိန်မှာပင် ဖြည်းအေးတည်ငြိမ်သော စကားသံက ဘေးတစ်ဖက်ဆီမှ ထွက်ပေါ်လာလေသည်။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now