Part-7

101 1 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

            အပိုင်း(၇)

"ဒေါက်..ဒေါက်..."

တံခါးခေါက်သံနှစ်ချက်ဆင့်သည် မတိုးမကျယ်ခပ်ဆဆလေးထွက်ပေါ်လာ၏။ဘယ်သူဆိုတာ တန်းခနဲသိလိုက်ပြီ။ ဒီလိုတံခါးခေါက်တတ်တာ မေမေ။ မေမေစံကျတော့ အရှိန်ပြင်းပြင်းနဲ့သုံးလေးချက်ဆင့်ခေါက်တတ်၏။ကျန်တဲ့အိမ်သားများ၏တံခါးခေါက်သံအားလုံးလိုလို သူမ အလွတ်မှတ်မိနေသည်။

"မီးငယ် အိပ်ပြီလား"

တံခါးခေါက်သံ၏မရှေ့မနှောင်းမှာ မေမေ့အသံကိုကြားလိုက်ရ၏။

"အိပ်တော့မယ် မေမေ၊ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး ခေါ်ကြည့်တာ၊ ညဥ့်နက်အောင်ဖုန်းကြည့်နေမှာစိုးလို့၊ စောစောအိပ်.."

"မကြည့်ပါဘူး သမီးအိပ်တော့မလို့ မေမေတံခါးလာခေါက်တာနဲ့လန့်သွားတာ"

"အေးအေး အိပ်တော့.."

"ဟုတ်ကဲ့...မေမေလည်းအိပ်တော့လေ"

"တံခါးလော့ခ်ချထားလို့ မေမေအထဲမဝင်တော့ဘူး မီးငယ်"

"ဟုတ်... ဂွတ်နိုက်မေမေ"

"ဂွတ်နိုက် မီးငယ်"

မေမေပြန်ထွက်သွားသည့်ခြေသံကိုနားစွင့်နေလိုက်သည်။ခြေသံပျောက်သွားမှ အိပ်ရာပေါ်ကနေဝုန်းခနဲထထိုင်ပစ်လိုက်ပြီး ဗီရိုဆီပြေးသည်။ဗီရိုထဲက ဂျင်းဘောင်းဘီအပြာလေးကိုဆွဲထုတ်ပြီးတီရှပ်အနက်လေးနဲ့တွဲဝတ်လိုက်၏။အနက်နဲ့ခဲပြာရောကွက်ထားတဲ့ရှပ်အကျီကိုကြယ်သီးမတပ်ပဲ ထပ်ဝတ်ကာ ဦးထုပ်အနက်ကလေးကိုဆောင်းပြီးလျှင်..၊

"အလဲ့!...မိုက်သွားပြီ"

ကိုယ်လုံးပေါ်မှန်ထဲမှာ ပေါ်နေသည်ကနုနယ်ပျိုမျစ်သောမိန်းမငယ်လေးတစ်ယောက်၏သွက်လက်သောအလှပင်။ဦးထုပ်အောက်က မျက်နှာဖွေးဖွေးလေးကစိတ်လှုပ်ရှားခြင်းကြောင့်ပန်းရောင်ကာလာလေးရင့်နေသည်။

"ဒီလောက်ဆိုရပြီ"

သွားလာရလွယ်ကူစေရန်အဖြူရောင်ရှူးဖိနပ်ကိုစီးလိုက်၏။လက်ဝါးသာသာပိုက်ဆံအိတ်အဝိုင်းလေးထဲသို့ဖုန်းနဲ့ပိုက်ဆံထည့်ပြီးသွားလျှင် ဗီရိုမှန်ထဲက ကိုယ့်ပုံရိပ်ကိုတစ်ချက်ကြည့်မိသည်။လုံးဝမိုက်သွားပြီ...မာနခေါင်ဖျား။ခပ်တိုးတိုးရယ်သွမ်းသွေးရင်း အခန်းတံခါးကိုအသာလေးဖွင့်သည်။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now