Part-12

92 2 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

            အပိုင်း(၁၂)

"ကိုမင်းခြားနား အိတ်ကိုစစ်ကြည့်လိုက်ပါဦး"

ကမ်းပေးသည့်အိတ်ကိုလှမ်းယူရင်း ဘုန်းကျော်ခေါင်ဆိုတဲ့မန်နေဂျာကို မင်းခြားနားကျေးဇူးတင်သောမျက်လုံးနှင့်ကြည့်လိုက်မိသည်။ အသက်ကသူနဲ့မတိမ်းမယိမ်း။ နှစ်လိုသောအပြုံးနှင့်စားသောက်ဆိုင်မန်နေဂျာဆိုသည့်ရာထူးနဲ့ ပုံစံကခန့်ခန့်ထည်ထည်။

မင်းခြားနား ခေါက်ပိုက်ဆံအိတ်လေးကိုဖွင့်ကြည့်လိုက်သည်။အရေးကြီးတာ ကားမောင်းလိုင်စင်နဲ့မှတ်ပုံတင်။

အေတီအမ်ကဒ်တွေလည်းဒီအတိုင်းလက်ရာမယွင်း။တစ်သောင်းတန်နှင့်ငါးထောင်တန်အထပ်ရှိနေသည်။သူ့အိတ်ထဲမှာ ဘယ်လောက်ရှိနေသလဲ မသိ။ပိုက်ဆံက သူ့အတွက်ပြဿနာမဟုတ်။ ပိုက်ဆံအိတ်တစ်ခုကောက်ရလို့ပြန်ပေးတယ်ဆိုကတည်းက ကောက်ရသူရဲ့စိတ်ဓာတ်က မှတ်ကျောက်အတင်ခံနေလေပြီ။

"ကိုဘုန်းကျော်ခေါင်တို့ဆိုင်ကပဲလား၊ အိတ်ပြန်တွေ့တဲ့သူကို ကျွန်တော်တွေ့ချင်တယ်"

ဘုန်းကျော်ခေါင်မျက်နှာတစ်မျိုးဖြစ်သွား၏။

"ဘာဖြစ်လို့လဲ ကိုမင်းခြားနား၊ အထဲမှာဘာပျောက်ရှလို့လဲ၊ကောက်ရတာ ကျွန်တော့်ညီလေးပါ..သူ့စာရိတ္တကိုကျွန်တော်အာမခံပါတယ်"

"ဟာ!...အဲလိုမဟုတ်ဘူး ကိုဘုန်းကျော်ခေါင်၊ ကျွန်တော်တွေ့ချင်တယ်ဆိုတာ ကျေးဇူးဆပ်ချင်လို့ပါ၊ တမျိုးမထင်ပါနဲ့"

ခုမှ ဘုန်းကျော်ခေါင်စိတ်အေးသွားသည်။

"ဒီဆိုင်ကပဲလား၊ သူနဲ့တွေ့လို့ရမလား"

"အဲဒါက..."

"ဘာလဲ၊သူကဒီဆိုင်ဝန်ထမ်းမဟုတ်ဘူးလား"

"ဒီဆိုင်ကတော့ ဒီဆိုင်ကပဲ၊ဒါပေမယ့်.. ဝန်ထမ်းတော့မဟုတ်ဘူးဗျ"

"ဒါဆို ဆိုင်ပိုင်ရှင်လား"

မင်းခြားနားအမေးကို မန်နေဂျာဘုန်းကျော်ခေါင်ကခေါင်းရမ်းသည်။

ဝန်ထမ်းလည်းမဟုတ်...ဆိုင်ပိုင်ရှင်လည်းမဟုတ်ရင် ဘာလဲ။
မင်းခြားနား မျက်မှောင်ကျုံ့လိုက်မိ၏။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now