Part-31

100 6 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

            အပိုင်း(၃၁)

ဒီနေ့ အိမ်မှာ ငါးရံ့အူဟင်းချက်စားသဖြင့် ဦးသျှောင်ကို အရင်ဆုံးသတိရလိုက်သည်။ ငါးရံ့အူဟင်းက ဦးသျှောင်အကြိုက်ဆုံးဟင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လေသည်။ ဟင်းပန်းကန်လေးထဲ ထည့်ပြီး သူတို့အိမ်ဘက်ထွက်လာတော့ အိမ်ရှေ့မှာရပ်ထားသည့် ကားဖြူကြီးကြောင့် ခြေလှမ်းတွေ ခဏတုံ့သွားရ၏။

အရင်ကလည်း ဦးသျှောင်သူငယ်ချင်းတွေ ရောက်လာတတ်တာမို့ မထူးဆန်းသလို ခြံထဲဝင်ခဲ့လိုက်သည်။ ဒေါ်ဗေဒါရီတစ်ယောက် ဆိုင်ထဲမှာ အလုပ်ရှုပ်နေတာကို တစ်ချက်လှမ်းကြည့်ပြီး အိမ်ဘက်ကိုပဲ ဆက်ဝင်လာလိုက်၏။

ဟိုးငယ်စဥ်ကတည်းက ဒီအိမ်ဒီခြံဟာ သူမအတွက် စားအိမ်သောက်အိမ်၊ တံခါးမရှိ၊ဓားမရှိ ဝင်ထွက်နေကြ။ အုတ်လှေကားထစ်ကို ခြေချလိုက် စဥ် မိန်းကလေးစီး ကွင်းထိုးဖိနပ်လှလှလေးဆီ မျက်လုံးအကြည့်ရောက်သွားသည်။

ဘယ်သူ ရောက်နေတာလဲ..။ ရင်ထဲမှာ မေးခွန်းတွေ တစ်ခုပြီး တစ်ခုဝင်ရောက်လာ၏။အဖြူရောင်ဖိနပ်လေးကို ခြောက်ခြားစွာကြည့်နေရင်း ရုတ်တရက် အိမ်ပေါ်မတက်ဖြစ်သေးပဲ လှေကားရင်းမှာ ခြေစုံရပ်နေမိတာ ဘယ်လောက်ကြာသွားမှန်းပင် မသိတော့။

သူမ အသိဝင်လာချိန်တွင် ခြေလှမ်းတွေက ဧည့်ခန်းနှင့်ထမင်းစားခန်းအကူးသို့ ကျူးကျော်ရောက်ရှိနေခဲ့ပြီ။ ဗလုံးဗထွေးလွင့်လာသည့် အသံတွေထဲမှာ မိန်းကလေးတစ်ယောက်၏ချွဲနွဲ့နွဲ့အသံလေးက သူမရင်ကို ဆူးအနစ်နစ်စူးစေသည်။ ရှေ့ဆက်ရအခက်၊ နောက်ဆုတ်ဖို့လည်း စိတ်မကူးဘဲ နှုတ်ဖျားက ဦးသျှောင်နာမည်ကို လွှတ်ခနဲခေါ်မိသွား၏။

"ဦးသျှောင်ရေ၊ ဦးသျှောင်...ဟင်"

"ခွမ်း!.."

မြင်လိုက်ရသည့် မြင်ကွင်းက နှလုံးသားကို အထပ်ထပ်နာကျင်သွားရသည်။ ကိုယ်နှလုံးသားတစ်ခုလုံးပုံပြီးချစ်ရတဲ့ ချစ်သူက ကိုယ်မဟုတ်တဲ့ တခြားမိန်းမကို ရင်ခွင်ထဲနစ်မြုပ်မတတ်ဖက်တွယ်ထားလိုက်တာ။ မျက်လုံးတွေပြာဝေလျက် ရင်ထဲဆို့နစ်ကာ လူကဘယ်လိုဖြစ်သွားသလဲပင် မသိ။ ပထမဆုံးတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည့် ပန်းကန်ကျကွဲသံနောက်တွင် ပူးကပ်နေသည့် ဦးသျှောင်တို့နှစ်ယောက် ဆတ်ခနဲခွာသွားပြီး ဒီဘက်ကို တအံ့တြ သလှည့်ကြည့်လာကြသည်။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now