Part-10

113 2 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

             အပိိုင်း(၁၀)

ဒီဇင်ဘာလ၏အအေးဒဏ်ကို ဂွမ်းကပ်ထူထူ၏အကာအကွယ်နှင့်ကြံ့ကြံ့ခံနေရသည်။ဒူးတွေရင်ဘတ်နဲ့ထိကပ်လုမတတ်ကွေးထားရင်း ချိုးချိုးချွတ်ချွတ်လှုပ်ရှားသံတွေနဲ့စကားသံတိုးတိုးကြောင့် ကိုယ့်အိမ်ကိုယ့်ရာမဟုတ်တာကို သတိထားလိုက်မိခြင်းဖြစ်သည်။

ဟုတ်သားပဲ..၊ ညက အဂ္ဂါဦးသျှောင်အိမ်ကိုရောက်ခဲ့တာတွေ၊ အဖြစ်အပျက်တွေအားလုံး တစ်ခုချင်းပြန်မြင်ယောင်လာမိသည်။တစ်ခါဖူးမျှအိပ်မက်ပင်မမက်ခဲ့ဖူးသော သစ်သားအိမ်သေးသေးလေးမှာ ဒီဇင်ဘာ၏ဆောင်းညတစ်ညကို ဖြတ်ကျော်ခဲ့ရပြီ။

အသံတွေကိုသေချာနားထောင်ကြည့်လိုက်တော့ အဂ္ဂါဦးသျှောင်နဲ့သူ့အမေစကားပြောနေသံပင်။ပိုပြီးသေသေချာချာပြောရရင် သူ့ကိုသူ့အမေနှိုးနေခြင်းဖြစ်သည်။

"ငါးနာရီထိုးနေပြီ သား၊ ထတော့လေ.."

"ဟာ!...အစောကြီးရှိသေးတာပဲ၊ ခဏ..ခဏလေး ပြန်အိပ်ပါရစေဦးမေမေရာ အိပ်ရေးမဝသေးလို့ပါ"

သူ့အသံက အိပ်ချင်မူးထူးနဲ့ဗလုံးဗထွေး။

"အိပ်ချင်ပြန်လာမှဆက်အိပ်၊ ကောင်မလေးကိုပြန်ပို့ပေးလိုက်ဦး၊ သူ့မိဘတွေစိတ်ပူနေမှာပေါ့.."

"ဘယ်ကကောင်မလေးလဲ"

ခုထိနိုးသေးပုံမရ။ယောင်နနနဲ့ပြန်မေးနေတဲ့ပုံ။

"ကဲ!..ဒီကလေးနဲ့တော့ခက်နေပြီ၊မင်းညကခေါ်လာတဲ့မိန်းကလေးပေါ့၊ သား...ထ ထတော့၊ ပြန်လာမှဆက်အိပ်"

ချော့မော့ပြောနေသည့်သူ့အမေအသံက ချိုသာမှုတို့နဲ့ညွှတ်ပြောင်းလျက်။ အိမ်လေးကသစ်သားအိမ်လေး၊ အိပ်ခန်းကနှစ်ခန်းတည်း။ အခန်းနှစ်ခုကိုသုံးထပ်သားနဲ့ကာရံထားသဖြင့်ဟိုဘက်ဒီဘက်အသံတွေထိုးဖောက်ကာအတိုင်းသားကြားနေရသည်။

အဂ္ဂါဦးသျှောင်က တစ်ဖက်ခန်းမှအိပ်ပြီး ဒီဘက်အခန်းမှာသူ့အမေနဲ့အိပ်ခဲ့ရ၏။အခန်းက အရမ်းကြီးမကျယ်ပေမယ့် အထဲမှာခုတင်ကနှစ်ယောက်အိပ်သာအောင်ကျယ်လို့တော်သေးသည်လို့ပြောရမလား။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now