ငါကသူ့ဆရာ-7
@@@@@@@
အဲ့ဒီတောအုပ်ငယ်လေးထဲမှာ ခြောက်လလောက် လူးလွန့်ပြီး ရှင်သန်ဖို့ကို ကြိုးစားခဲ့ရတယ်။ အကယ်၍ အစ်မငါးသာ သူ့ကို လာမခေါ်ဘူး ဆိုရင် သူဟာ ဒီတောအုပ်လေးထဲမှာ သေဆုံးသွားနိုင်တယ်။ အခုလည်း သူက ဒီတောအုပ်ထဲကို ဝင်ရမယ်လို့ ပိုင်ဟွားဝူရဲ့ အပြုအမူအရ သိနိုင်တယ်။ သူ့ကို ဒုတိယအကြိမ် ဒီထဲမှာ နာကျင်မှုကို ခံစားခိုင်းဖို့လား။
'ကျွန်တော် ကြောက်တယ်'
သူ ပိုင်ဟွားဝူကို ညာပြောလိုက်တယ်။ ဒီအချိန်မှာတော့ သူဟာ မကြောက်တော့ဘူး။ ဘာလို့ဆိုရင် သူဟာ အရင်ဘဝတည်းက ဝိဉာဉ်စွမ်းအားကို နားလည်နှင့်ပြီးနေပြီ။ ပြီးတော့ ဝိဉာဉ်စွမ်းအားကို တိုးပွားအောင် လုပ်လို့ ရတဲ့ နည်းလမ်းကို သူသိပြီးနေပြီ။ အဲ့ဒါမို့ ဒီတောအုပ်က ဝိဉာဉ်စွမ်းကို စုပ်ယူတယ် ဆိုရင်တောင်မှ သူဟာ လုံးဝကို မကြောက်တော့ဘူး။
'မင်းက ဘာကြောက်နေတာလဲ၊ ဆရာကိုယ်တိုင် ပါနေတာလေ'
အဲ့ဒီအခါမှ သူ ကိုင်ထားတဲ့ လက်ကို ရုန်းလိုက်ပြီးမှ မော့ကြည့်မိတယ်။ ပိုင်ဟွားဝူက ချိုချိုသာသာ ပြုံးထားဆဲပင်၊ သူ အင်္ကျီလက်ကို လက်ချောင်းလေးတွေနဲ့ ကိုင်လိုက်ပြီးမှ၊
'တပည့်လေး အဲ့တောထဲကို မသွားချင်ဘူး'
'မသွားလို့ မရဘူး၊ သွားမှဖြစ်မှာ'
'သွားကိုသွားမှ ဖြစ်မှာလား'
ပိုင်ဟွားဝူက အပြုံးတို့နှင့် ခေါင်းညိတ်တယ်။ ဒါဟာ ပြုံးလျက်နဲ့ လူသတ်ခြင်းလို့ ခေါ်ရမလား သူမသိဘူး။
'မင်းဘာကို ကြောက်နေတာလဲ မင်းကို ဘယ်သူကမှ ဘာမှ လုပ်လို့ မရပါဘူး၊ ဆရာရှိတယ်'
အဲ့ဒီဆရာကိုပဲ သူက မယုံတော့တာလို့ မပြောထွက်နိုင်ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်ဆိုရင်ကော သူဟာ ဘာတွေ ဖြစ်သွားမှာလဲ၊ ဒီတောအုပ်က ပြောရရင် သက်ရှိလောကနဲ့ မိစ္ဆာစစ်လောကကို ပိုင်းခြားထားတဲ့နေရာလို့တောင် ပြောနိုင်တယ်။ ဒီတောအုပ်အနောက်ဘက်မှာ သေမင်းတမန်ချောက်နက် ရှိတယ်။ ဒီတောအုပ် အကျော်နားလေးမှာ ယိုဟွားတောင်ရှိတယ်။ အဲ့ဒါပြီးမှ တခြားသော တောင်သခင်တွေဟာ ထိုက်တန်သူလောကအတွင်းပိုင်းမှာ တည်ရှိနေကြတာ ဖြစ်တယ်။
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။