ငါကသူ့ဆရာ-5
@@@@@@@
တောင်မှာ လူလျော့သွားတယ်။ အစ်မငါးရယ်၊ အစ်ကိုလေးနဲ့ အစ်ကိုနှစ်နဲ့ လောင်တကို ခေါ်သွားလို့ တောင်က အရင်ကထက်ပိုပြီးတော့ တိတ်ဆိတ်သွားတယ်။ မိန်းကလေး တစ်ယောက်မရှိတာက အဲ့လောက်ထိ သိသာမယ်လို့ မထင်ထားဖူးပေမယ့် သူ တွေးထင်ထားတာထက် ပိုဆိုးတယ်။ အစ်ကိုသုံးက အဲ့လူအနားမှာ တောက်တဲ့တွယ်ကပ်သလို တွယ်ကပ်နေတယ်။
ပထမဆုံး စာကြည့်ဆောင် ဝင်ဖို့ကို သူက အကြာကြီး ချင့်ချိန်နေပေမယ့် အဲ့လူက သူ့ကို ပြောလာတယ်။
'ရှောင်ကျို ဆရာ့ကို လာနှိပ်ပေး'
တဲအိမ်ငယ်လေးထဲကနေ အသံကြားလို့ ဝင်သွားတော့ အတွင်းဝတ်အဖြူ အပါးတစ်ထည်တည်းနဲ့ ဆံပင်တွေကို ဖြန့်ချထားတယ်။ ကန့်လန့်ကာအတွင်းကို ခြေလှမ်းချလိုက်တာနဲ့ ရေနွေးစားပွဲကို မှီပြီးတော့ ထိုင်နေတယ်။ သူ့ကို မြင်တော့ ဆံပင်တွေကို သိမ်းလိုက်ပြီးမှ အရှေ့ထိ ဆွဲယူလိုက်တယ်။ အဝတ်လှစ်နေတဲ့ ပုခုံးသား တစ်စွန်းတစ်စကို လှမ်းမြင်လိုက်တာနဲ့ သူ့ခြေလှမ်းတွေ အဲ့နေရာမှာတင် ရပ်သွားမိတယ်။
ဒါက ထောင်ခြောက်ပဲ၊ ဒါက သူ့ကို မြူစွယ်နေတာ၊ သူ့ကိုယ်သူ ခပ်တိုးတိုး သတိပေးစကားဆိုပြီးမှ အဲ့နေရာမှာ မြဲမြံစွာ ရပ်နေမိတယ်။
'လူက အိုလာပြီလေ၊ နုပျိုမှုက အပြင်ပန်းမှာပဲ လှပတယ်၊ ပင်ပန်းမှု ဒါမှမဟုတ် အိုမင်းမှုရဲ့ နိမိတ်တွေကို ရှောင်လွဲလို့ မရနိုင်ဘူး မင်း ဘာလုပ်နေတာလဲ'
ဘာလုပ်နေတာလဲ ဆိုမှ အနားထိ တိုးသွားပြီး ဒူးထောက် ထိုင်ချလိုက်ပြီး ပုခုံးသားတွေ ပေါ်ကို လက်တင်လိုက်တယ်။ ပိုင်ဟွားဝူဟာ ဘယ်သူ့အသားကိုမှ ထိရတာ မကြိုက်ဘူး ဆိုတဲ့ ကောဟလဟက ဘယ်ရောက်သွားပြီလဲ၊ ဟိုးအရင်က ဘယ်သူကမှ ပိုင်ဟွားဝူကို ထိတွေ့ခွင့်မရခဲ့ဘူး ဆိုတာက အလကားသက်သက် ဖြစ်ကုန်ပြီလား၊ မဖြစ်နိုင်ဘူး၊ ဒါက သူ့ကို တမင်သက်သက်မြူစွယ်နေတာပဲ၊
မြူစွယ်နေတာပဲ ဆိုသည့် အတွေးဟာ ပုခုံးတွေပေါ် လက်တင်လိုက်ပြီး လှုပ်ရှားမှု အနည်းငယ်မျှနဲ့ အိပ်ပျော်သွားတဲ့ အဲ့လူကြောင့် ပျက်ယွင်းသွားရလေတယ်။ ဘာလဲ ပုခုံးတွေကို ထိရင် အိပ်ပျော်သွားတတ်တာလား၊ ပုခုံးတွေက တင်းနေတာ မဟုတ်ပဲနဲ့ ပျော့ပျောင်းကာ ခပ်နွေးနွေး ရှိန်းမြမြ အငွေ့အသက်ကို ခံစားရတယ်။ အဲ့ဒီရှိန်းမြမြ အရှိန်အဝါက ပိုင်ဟွားဝူရဲ့ အရှိန်အဝါပဲ၊ တောင်ကို ဖြိုပြီး မြစ်ကို ခမ်းအောင် လုပ်ဖို့ လုံလောက်တယ် ဆိုပြီး သတင်းကြီးဖူးတဲ့ အရှိန်အဝါပဲ၊ အဲ့ဒါက တကယ်ကော ဖြစ်နိုင်ပါ့မလား၊ ရှိန်းမြမြ အထိအတွေ့ကနေ တစ်ဆင့် သူ့တစ်ကိုယ်လုံးကို နွေးထွေးမှု ပေးသလို ခံစားရမှုဟာ ထူးဆန်းတယ်။
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။