ငါကသူ့ဆရာ-19

8.7K 1.1K 67
                                    

ငါကသူ့ဆရာ-19

@@@@@@@@

တွန်းနေတာလား၊ ဆွဲနေတာလား၊ ဘာမှန်းမသိတော့ဘူး၊ နောက်ဆုံးမှာတော့ သူ့အသိတရားတွေ ကင်းလွှတ်သွားခဲ့တယ်။ သူ ပြန်နိုးထလာတဲ့ အချိန်မှာ ဆေးဖော်တဲ့ ဂူအခန်းတစ်ခုလုံးက ဆေးခွက်တွေက ဆေးပုလင်းတွေ ဆေးမြစ်တွေ ဆေးရွက်တွေနဲ့ ပြန့်ကျဲနေတယ်။

"ဟွားဝူရော"

သတိဝင်လာတာနဲ့ ဟွားဝူကို သူ လိုက်ရှာမိတယ်။ ဟွားဝူကို သူ တစ်ခုခု လုပ်လိုက်မိမှာ ကြောက်တယ်၊ နာကျင်မှု သေးသေးလေးတောင် အထင်မခံစေချင်ဘူး။ ဆေးဖော်တဲ့ ဂူအခန်းကနေ အပြင်ခန်းကို ပြေးထွက်လာတော့ ထောင့်နားလေးမှာ ထိုင်နေတဲ့ ပိုင်ဟွားဝူက သူ့ကို မော့ကြည့်လာတယ်။

အဲ့ဒီအနားကို ပြေးသွားလိုက်ပြီးမှ ပုခုံးလေးကနေ ဆွဲထူပေးလိုက်တယ်။ ပြီးတော့ မျက်နှာလေးကို မော့ကြည့်တယ်။ ခြေတွေ လက်တွေ တစ်ကိုယ်လုံးမှာ နာကျင်စေတဲ့ ဒဏ်ရာတစ်ခုခုများ ရှိသွားမလား ဆိုတဲ့ ပူပန်စိတ်နဲ့၊

"နာသွားလား၊ ငါမင်းကို နာအောင် လုပ်မိလား၊ ငါ မင်းကို တစ်ခုခု နာအောင် လုပ်မိလား"

ဒါက သူ့အကြောက်ဆုံးတစ်ခုပဲ၊ သူ ဟွားဝူကို နာအောင် လုပ်မိမှာ သိပ်ကြောက်တာပဲ၊ ဘယ်လို မှားယွင်းကိုမဆို သူ ကျူးလွန်မယ် ဆိုရင်တောင်မှ ဟွားဝူကို နာအောင် လုပ်မိဖို့တော့ သူ့ကိုယ်သူတောင် ခွင့်မပြုနိုင်ဘူး။

"မင်း ဖာသာ မင်း မူးမေ့စေလိုက်တာ၊ ငါ့ကို နာအောင်မလုပ်မိပါဘူး၊ မင်း ငါ့ကို ပြန်လွတ်ပေးခဲ့တယ်"

လည်ပင်းမှာ နီနီရဲရဲ ကျန်ရစ်နေသေးတဲ့ အမှတ်တချို့ကို လက်ညိုးလေးနဲ့ မရဲတရဲ ထောက်မိတယ်။ ပြီးမှ၊

"နာလား"

ဟွားဝူက လည်ပင်းကို ကွယ်သွားအောင် ဆံပင်ရှည်ရှည်တွေကို လည်တိုင်မှာ ရစ်ပတ်လိုက်ပြီးမှ၊

"မနာဘူး၊ ရပြီ"

သူ ဟွားဝူကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားလိုက်မိတယ်။ ဒီတစ်သက်လုံး ဒီခန္ဓာကိုယ်ငယ်ကို လက်လွတ်ဖို့ မတွေးတော့ဘူး။ ဘယ်သူကမှလည်း မနာကျင်စေရဘူး။

ငါက သူ့ဆရာWhere stories live. Discover now